The network connection is lost.

Banner Image

ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်အတွက် အကြံဉာဏ်တစ်ချို့ ပေးပို့လာတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက လက်ရှိအသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား မားကက်ရက်ရှ်ဖို့ဒ်အတွက် အကြံဉာဏ်တစ်ချို့ပေးပို့လာခဲ့ပါတယ်။ အသင်းရဲ့အဓိကတိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းက ဒဏ်ရာ ရနေတာကြောင့် မန်နေဂျာအဲရစ်တန်ဟက်က ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးနေရာမှာ အစားထိုးဝင်ရောက်ကစားခိုင်းထားပေမယ့် ထိုက်သင့်တဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ရခြင်းမရှိသေးပါဘူး။
 
ယနေ့နံနက်က နော်တင်ဟမ်ဖောရက်စ်နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှူးအဖြစ် ပွဲထွက်ပါဝင်ခဲ့ပေမယ့် မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ကွင်းလယ်လူ ကတ်စမဲရိုးရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့်သာ ၁-၀ နဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဒီဂိုးသာမရခဲ့ဘူးဆိုရင်တော့ ဂိုးဗလာနဲ့ အိမ်ပြန်ရမှာဖြစ်ပါတယ်။
 
ရွန်းနီက “ရက်ရှ်ဖို့ဒ်အနေနဲ့ ပြတ်သားတဲ့ကစားပုံနဲ့ စိတ်ရှည်ဖို့လိုပါတယ်။ လူတိုင်းက သူ့ဆီကနေ ဒီထက်ပိုပြီး မြင်ချင်ကြပါတယ်။ အဓိကအချက်ကတော့ယုံကြည်မှုရှိဖို့ပါ။ သူက ဒီရာသီမှာ ဂိုးတွေပုံမှန်မသွင်းနိုင်လို့ စိတ်ပျက်နေပုံရပြီး ဂိုးရဖို့လိုနေပါတယ်” “သူက စကားများများပြောတတ်တဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်အမူအရာက သိပ်မကောင်းပါဘူး။ အသင်းရဲ့စီနီယာကစားသမားတွေ အနေနဲ့ သူ့ကို ဖိအားပေးပြီး စိတ်ကြွလာအောင်လုပ်ဖို့လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 
 
ပွဲမစခင်မှာလည်း ရွန်းနီဟာ ရက်ရှ်ဖို့ဒ်ရဲ့လုပ်အားနှုန်းကို ဝေဖန်ခဲ့ပြီး တောက်ပြောင်တဲ့ခြေစွမ်းမျိုးရဖို့ ခက်ခက်ခဲခဲကြိုးစားရမယ်လို့ အကြံပေးခဲ့ပါတယ်။
 
အင်္ဂလန်တိုက်စစ်မှူးဟောင်းက “သူအများကြီးဖြတ်သန်းပြီးပါပြီ။ သူ့မှာ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်ဆိုတာလည်း အများကြီးပြသထားပြီးပါပြီ။ ဒီရာသီမှာ ခက်ခဲနေတာက အကြောင်းပြချက်အမျိုးမျိုးရှိပါလိမ့်မယ်” “ဒီရာသီ သတင်းစာခေါင်းကြီးပိုင်းတွေမှာ ရက်ရှ်ဖို့ဒ်အကြောင်းက ခဏခဏပါနေတော့ ဖိအားများနေပုံပါပဲ။ ဒါတွေကို လျစ်လျူရှုပြီး ခက်ခက်ခဲခဲကြိုးစားဖို့လိုပါတယ်။ ဒါက လူတိုင်းမြင်ချင်တဲ့အရာပါ။ သူ့ရဲ့ပင်ကိုယ်အရည်အသွေးကို ပြန်ရရင် ဂိုးတွေသွင်းနိုင်ပါလိမ့်မယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ၃၂ ပွဲ ကစားပြီးချိန်မှာတော့ ၅ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်သာ ပြုလုပ်ထားနိုင်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာလျော့နည်းသွားတယ်ဆိုတာ ထင်ရှားနေပါတယ်။
 
လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ကိုယ်သူ သက်သေပြနိုင်မလား စောင့်ကြည့်ရပါမယ်။