The network connection is lost.

Banner Image

အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ ရော်နယ်ဒို

သတင်းတွေအရ အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ မာကာသတင်းဌာနကတော့ ပေါ်တူဂီသားဟာ အယ်လ်နာဆာအသင်းမှာ နောက် ၂ ရာသီဆက်နေဖို့ သဘောတူညီထားပြီး ဒုတိယနှစ်ကိုတော့ စွမ်းဆောင်ရည်အပေါ်မူတည်သက်တမ်းတိုးမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ စာချုပ်သစ်ကြောင့် ရော်နယ်ဒိုအနေနဲ့ အယ်လ်နာဆာမှာ ၂၀၂၆ အထိ ဆက်ရှိနေမှာဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဝင်ခွင့်ကန်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

လပေါင်းများစွာဆွေးနွေးခဲ့ပြီးနောက် စာချုပ်ကိစ္စက ဇန်နဝါရီမှာ အဆုံးသတ်ခဲ့တာဖြစ်ပြီး တရားဝင်ကြေညာဖို့က နောက်ကျဖွယ်ရှိနေပါတယ်။ အခြားစာချုပ်တွေနဲ့မတူတာက စာချုပ်ထဲမှာ စီးပွားရေးဆိုင်ရာ ၊ ကိုယ်စားလှယ်ဆိုင်ရာ ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေပါ ပါဝင်နေတာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့စာချုပ်သစ်မှာ လုပ်ခလစာက ပေါင် ၁၇၁ သန်းအထိ ရရှိမှာဖြစ်ပြီး လစာအပြင် အခြားခံစားခွင့်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက သတင်းတွေအရ ဆော်ဒီရင်းနှီးမြုပ်နှံသူတွေဟာ လာလီဂါကလပ် ဗလန်စီယာအသင်းကို ဝယ်ယူဖို့ ပြင်ဆင်နေပြီး ရော်နယ်ဒိုက ပရောဂျက်ရဲ့အစိတ်အပိုင်းတစ်ခု ဒါမှမဟုတ် ပိုင်ရှင်အစိတ်အပိုင်းထဲမှာ ပါဝင်ဖို့ ပြင်ဆင်နေပါတယ်။ အယ်လ်နာဆာကိုရောက်လာပြီးကတည်းက ရော်နယ်ဒိုဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပြီး အခုလည်း အသင်းမှာကာလရှည်ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းကတော့ အခုရာသီမှာ ဆော်ဒီလိဂ်ဖလား နဲ့ အေအက်ဖ်စီချန်ပီယံလိဂ်ဖလားတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အသက် ၄၀ ရှိနေပြီဖြစ်ပေမယ့်လည်း ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုလည်း ဆက်လက်ပါဝင်ချင်နေပြီး ကြံ့ခိုင်မှုအပိုင်း ၊ စွမ်းဆောင်ရည်တွေကို အာရုံစိုက်ဖွယ်ရှိနေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားအလွန်မှာလည်း ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဂိုး ၁၀၀၀ ပြည့်ဖို့ ဆက်လက်လုပ်ဆောင်ဖွယ်ရှိနေပြီးလက်ရှိမှာ ၉၃၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။