အေဘရာဟမ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းသွားမယ့် ရိုးမား
ရိုးမားတိုက်စစ်မှူး တမ်မီအေဘရာဟမ်ဟာ အသင်းကနေထွက်ခွာတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် အနာဂတ် မရေမရာဖြစ်နေပေမယ့် နည်းပြချုပ် ဒန်နီလီဒီရော့ဆီကတော့ ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် ကျောရိုးအရွတ်ဒဏ်ရာကြောင့် ရိုးမားရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ပါတယ်။ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာပါဝင်ပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ယခုနွေရာသီမှာ ရောင်းထုတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
နွေရာသီအပြောင်းအရွှေ့အတွင်းမှာ အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ အေစီမီလန်သို့ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရပေမယ့် ဒီရော့ဆီကတော့ အေဘရာဟမ်ဟာ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ လုံလောက်တဲ့ခြေစွမ်းရှိနေတယ်လို့ ယုံကြည်နေပါတယ်။
ဒီရော့ဆီက “အေဘရာဟမ်က ကျွန်တော်တို့အသင်းမှာ သန်မာတဲ့ကစားသမားပါ။ ဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့သတင်းထွက်ဖူးတဲ့ အချို့ကစားသမားတွေက အသင်းမှာဆက်နေပြီး မယုံနိုင်လောက်စရာ ရာသီတွေပိုင်ဆိုင်ခဲ့ဖူးပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အရည်အသွေးမြင့်မားပါတယ်။ အခုချိန်မှာ သူကြံ့ခိုင်မှုပြန်ရနေပါပြီ။ လွန်ခဲ့တဲ့ ၆ လလောက်က သူဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာကြောင့် အဲဒီတုန်းက သူဟာ အေဘရာဟမ်အစစ်မဟုတ်ခဲ့ပါဘူး”
“ကျွန်တော်တို့ သူ့ကိုအသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး အယ်ဒိုရာဒိုကလည်း သူ့လိုပဲ သန်မာတဲ့ကစားသမားတစ်ယောက်ပါ။ ကျွန်တော် အသင်းရဲ့အားကစားဒါရိုက်တာနဲ့ စကားပြောသွားမှာဖြစ်ပြီး သူတို့ရဲ့တောင်းဆိုမှုတွေကို စောင့်ကြည့်သွားပါမယ်။ တစ်ခါတလေမှာ ကစားသမားတွေ အတွက် စိတ်ဓာတ်ပိုင်းကို အချိန်ပေးဖို့လိုအပ်တာကြောင့် ဒါကို ကျွန်တော်တို့ နားလည်လက်ခံရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ရိုးမားဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဂရိအသင်းကြီးတစ်ဦးဖြစ်တဲ့ အိုလံပီယာကော့စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။