ဘောလွန်းဒီအော်ဆုပေးပွဲက တရားမျှတမှုမရှိဘူးလို့ပြောတဲ့ ရော်နယ်ဒိုကို ရိုဒီရီပြန်လည်တုံ့ပြန်
မကြာသေးမီကမှ ၂၀၂၄ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးထားခဲ့တဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဘောလွန်းဒီအော်ဆုပေးပွဲဟာ တရားမျှတမှုမရှိဘူးဆိုတဲ့ ပြောကြားချက်ကို တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။
ဘောလွန်းဒီအော် ၅ ဆုရှင်ရော်နယ်ဒိုက ၂၀၂၄ ခုနှစ်အတွက်ဘောလွန်းဒီအော်ဆုကို ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ရသင့်ကြောင်းနဲ့ ရိုဒရီက ဆုကိုလုယူခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ရိုဒရီဟာ ပက်ဂွါဒီယိုလာရဲ့ဦးဆောင်မှုအောက်မှာကစားရင်း မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကို ၄ နှစ်တိုက်ဆွတ်ခူးနိုင်ခဲ့သလို၊ ယူရိုချန်ပီယံရှစ်ဖလားကိုလည်း အမိနိုင်ငံ စပိန်နဲ့အတူ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ ဘောလွန်းဒိအော်ဆုနဲ့ထိုက်တန်မှုရှိတယ်လို့ ယူဆခဲ့ကြပေမယ့် ရော်နယ်ဒိုကတော့ “ကျွန်တော့်အမြင်မှာတော့ ဘောလွန်းဒီအော်ဆိုကု ဗင်နီစီးယက်စ်ဂျူနီယာ ရခဲ့သင့်တယ်လို့ထင်ပါတယ်။ ကျွန်တော့်အတွက် ဒါကတရားမျှတမှုမရှိဘူးဆိုတာ ရှင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာ ရိုဒရီက “သူဒီလိုပြောတာ ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဆုကို ဘယ်လိုကစားသမားတွေကိုပေးတယ်ဆိုတာ သူ့ထက်ပိုသိတဲ့လူမရှိလို့ပါ။ ၂၀၂၄ မှာ ကျွန်တော်က ဂျာနယ်လစ်တွေရဲ့ မဲပေးမှုနဲ့အတူ ဒီဆုနဲ့ထိုက်တန်လို့ ချီမြှင့်ခံခဲ့ပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့တဲ့ဂျာနယ်လစ်တွေက တစ်ချိန်တုန်းကို သူ့ကိုမဲပေးခဲ့တဲ့ ဂျာနယ်လစ်တွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်” လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ အခုလို ဗင်နီစီးယက်စ်ဘက်ကို လိုက်ပြီးပြောခဲ့ခြင်းမှာ သူဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အပေါ် သံယောဇဉ်ရှိနေတာကြောင့်ဖြစ်နိုင်သလို ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးကို မုန်းတီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း တစ်ဖက်မှာ ရိုဒရီကတော့ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်လို့ သမိုင်းဝင်ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။