
၂၀၂၄ ယူရိုပြိုင်ပွဲကို အင်္ဂလန်အသင်း ဗိုလ်စွဲသွားမယ်လို့ ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ
လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲကြီးမှာ ဘယ်အသင်းက ဗိုလ်စွဲသွားမလဲဆိုတာ ကမ္ဘာ့တစ်ဝှမ်းဘောလုံးပရိသတ်တွေက ငြင်းခုန်မှုတွေ ခန့်မှန်းမှုတွေနဲ့ ရင်ခုန်နေကြပြီး ယခုအခါမှာတော့ စူပါကွန်ပြူတာကလည်း အင်္ဂလန်အသင်းက ဗိုလ်စွဲသွားလိမ့်မယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။
စူပါကွန်ပြူတာဟာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင် ၂၄ သင်းစလုံးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ချေအရှိဆုံး အဖြေကို တွက်ချက်ထုတ်ဖော်ပေးထားတာဖြစ်ပါတယ်။ ခန့်မှန်းချက်အရတော့ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းက ၁၇ ကြိမ်မြောက် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်ပြီး ၁၉.၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ အင်္ဂလန်ဟာ ကွာတားဖိုင်နယ်အဆင့်ကိုရောက်ဖို့ ၇၀ ရာခိုင်နှုန်း၊ ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ဖို့ ၄၈.၂ ရာခိုင်နှုန်းနဲ့ ဖိုင်နယ်အဆင့်ကို ရောက်ရှိဖို့ ၃၁.၁ ရာခိုင်နှုန်းအခွင့်အရေးရှိနေပါတယ်။ အင်္ဂလန်ရဲ့နောက် ချန်ပီယံဖြစ်ဖို့ ဖြစ်နိုင်ချေအရှိဆုံးအသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်လှမ်းနိုင်ခဲ့တဲ့ ပြင်သစ်အသင်းဖြစ်ပြီး ကီလီယန်အမ်ဘာပေရဲ့အသင်းဟာ ဗိုလ်စွဲဖို့ ၁၉.၁ ရာခိုင်နှုန်း အခွင့်အရေးရှိနေပါတယ်။
အိမ်ရှင်ဂျာမနီအသင်းကတော့ အိမ်ကွင်းမှာ ဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် ၁၂.၄ ရာခိုင်နှုန်းသာ အခွင့်အရေးရှိနေပါတယ်။ လက်ရှိချန်ပီယံအီတလီအသင်းကလည်း ဂျာမနီထက်အခြေအနေဆိုးဝါးနေပြီး ဗိုလ်စွဲဖို့အတွက် ၅ ခိုင်နှုန်းသာ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
စူပါကွန်ပြူတာရဲ့တွက်ချက်မှုက စကော့တလန်ပရိသတ်တွေအတွက်တော့ ရင်နာစရာဖြစ်နေပြီး သူတို့အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ဖို့အတွက်တောင် ၂၃.၅ ရာခိုင်နှုန်းသာအခွင့်အရေးရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ဒီပြိုင်ပွဲမှာ အခွင့်အရေးအနည်းဆုံးအသင်းကတော့ ဂျော်ဂျီယာဖြစ်နေပြီး ဂျော်ဂျီယာရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေဟာ ၀.၁ ရာခိုင်နှုန်းသာရှိနေပါတယ်။