The network connection is lost.

Banner Image

ရုန်းကန်နေရတဲ့ ကာတာစတားလိဂ်ချန်ပီယံကလပ်အသင်းကို တာဝန်ယူဖို့ ပြင်ဆင်လာတဲ့ မန်စီနီ

အီတလီနဲ့ မန်စီးတီးနည်းပြဟောင်း မန်စီနီက ဆော်ဒီလက်ရွေးစင်အသင်းဦးဆောင်သူနေရာမှ ထွက်ခွာလာပြီး တစ်နှစ်ကျော်အကြာမှာပဲ ကာတာလိဂ်ချန်ပီယံအယ်လ်ဆတ်ဒ်ရဲ့နည်းပြသစ်အဖြစ် တာဝန်ယူဖို့ သဘောတူညီခဲ့ပါတယ်။ နာမည်ကြီးသတင်းထောက်ရိုမာနိုရဲ့အဆိုအရ မန်စီနီက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကုန်အထိ သက်တမ်းရှိမယ့် ကမ်းလှမ်းမှု ကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒီကမ်းလှမ်းမှုနဲ့စပ်လျဉ်းပြီး အပြီးသတ်သဘောတူညီမှုတွေရရှိဖို့ အခုသီတင်းပတ်အတွင်းမှာပဲ ဒိုဟာမြို့ဆီ အသက်-၆၀ နှစ်အရွယ်နည်းပြ ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းကတော့ မန်စီနီရဲ့အနာဂတ်နဲ့ပတ်သက်လို့ အရှုပ်အထွေးတွေရှိခဲ့တဲ့ရက်သတ္တပတ်တစ်ခုအပြီးမှာပဲ ထွက်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနွေနေ့မှာ အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုက ဥရောပရဲ့ကမ်းလှမ်းမှုတစ်ခုကို စောင့်စားနေချိန် အယ်လ်ဆတ်ဒ်ရဲ့ပထမဆုံးအကြိမ်ချဉ်းကပ်မှုကို အီတာလျံသားကိုယ်တိုင် ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အယ်လ်ဆတ်ဒ်က တိုးမြှင့်ပေးထားတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့အတူ ပြန်လာပြီး ဆွေးနွေးမှုတွေစတင်ဖို့ ပြန်လည်ကြိုးပမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ရိုမာနိုက မန်စီနီဟာ ဒီတစ်ကြိမ်ကမ်းလှမ်းလာမှု ကို လက်ခံပေးသွားဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ နွေရာသီကာလအတွင်း အသင်းမှထွက်ခွာခွင့်ပေးအပ်ဖို့ကိစ္စကို နောက်ဆုံးအဆင့်ဆွေးနွေးမှုအတွက် အဓိကအချက်တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

မန်စီနီက ဆော်ဒီလက်ရွေးစင်အသင်းကို ၁၄ လကြာ ကိုင်တွယ်ခဲ့ပြီး စိတ်ပျက်ဖွယ်အာရှဖလားခရီးစဉ်အလွန် နှစ်ဖက်သဘောတူညီမှုတစ်ခုဖြင့် စာချုပ်ဖျက်သိမ်းခဲ့လို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကတည်းက ကလပ်အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ အင်တာမီလန်နဲ့ မန်စီးတီးနည်းပြဟောင်းက ၂၀၂၃ ခုနှစ်၊ အီတလီမှ ထွက်ခွာလာမှုအပေါ် နောင်တရမိတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ သူက အီတလီလက်ရွေးစင်အသင်းကို ယူရို-၂၀၂၀ ချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။

အယ်လ်ဆတ်ဒ်မှာတော့ မန်စီနီအတွက် အခက်အခဲအခြေအနေတစ်ရပ် စောင့်ကြိုနေပါတယ်။ လက်ရှိကာတာလိဂ်ချန်ပီယံတွေက ဘောလုံးရာသီသစ်မှာ ရုန်းကန်နေရပြီး ကိုးပွဲကစားပြီးချိန်၊ ရမှတ် ၁၄ မှတ်နဲ့အတူ အမှတ်ပေးဇယားအဆင့်ကိုးနေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လေးပွဲကစားပြီးချိန် နိုင်ပွဲပျောက်ဆုံးကာ အုပ်စု(B)ရဲ့နောက်ဆုံးနေရာမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် အသင်းကို ပြန်လည်တည်ငြိမ်လာဖို့နဲ့ လွှမ်းမိုးမှုရှိစေဖို့အတွက် မန်စီနီ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။