The network connection is lost.

Banner Image

ရာသီကုန်မှာ လီဝန်ဒေါစကီးကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်

အေစီမီလန်ဟာ ယခု ၂၀၂၅-၂၆ ရာသီအကုန်မှာ ဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝါရင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

သို့သော်လည်း အေစီမီလန်အနေနဲ့ လီဝန်ဒေါစကီးရဲ့လစာပမာဏကို ပေးချေနိုင်ဖို့တော့ အခက်အခဲရှိနိုင်တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်လာနိုင်ပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ်ကလပ်တွေက လီဝန်ဒေါစကီးကို စိတ်ဝင်စားနေတာကြောင့် အေစီမီလန်အနေနဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ခက်ခက်ခဲခဲရုန်းကန်သွားရနိုင်ပါတယ်။

စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ လီဝန်ဒေါစကီးဟာ ဘာစီလိုနာမှာ တစ်နှစ်လုပ်ခ ပေါင် ၂၈ သန်းအထိရရှိနေတယ်လို့သိရပါတယ်။ အေစီမီလန်အားကစားဒါရိုက်တာ အီဂလီတာရေးဟာ ပိုလန်သားရဲ့အေးဂျင့် ပီနီဇာဟာဗီနဲ့ အပြောင်းအရွှေ့အတွက် အကြိုဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ထားတယ်လို့လည်း သတင်းတွေကဖော်ပြထားပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုကတော့ လီဝန်ဒေါစကီးဟာ ၂၀၂၆ ခုနှစ်အတွင်း ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပါက စပိန်မြေကိုစွန့်ခွာဖို့ ၅၀ ရာခိုင်နှုန်းကျော်အထိ အခွင့်အရေးရှိနေတယ်လို့ဆိုပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၈ ပွဲကစားကာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ထိပ်တန်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဒါ့အပြင် အသက်-၃၇ နှစ်အရွယ်ကစားသမားဟာ ယခုရာသီမှာည်း ၆ ပွဲကစားပြီး ၄ ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့တော့ လီဝန်ဒေါစကီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးပါက ကစားသမားသစ်ခေါ်ယူဖို့ ကြိုးစားလာနိုင်ပြီး အက်သလက်တီကိုတိုက်စစ်ကြယ်ပွင့် ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေကဆိုပါတယ်။

အေစီမီလန်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နာပိုလီကို ၂-၁ နဲ့အနိုင်ရခဲ့တာကြောင့် စီးရီးအေအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားပါတယ်။ ပြိုင်ပွဲစုံ နာက်ဆုံး ၅ ပွဲဆက်တိုက်အနိုင်ရထားတဲ့အေစီမီလန်ဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဂျူဗင်တပ်စ်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။