
ပေါင် ၆၃ သန်း ကြယ်ပွင့်ကို မခေါ်ယူဖို့ ယူနိုက်တက်နဲ့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ ရီယိုဖာဒီနန်
ရောကရကစ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီကတည်းက ဥရောပမှာ ဂိုးသွင်းကောင်းတဲ့ သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး စပို့တင်းလစ္စဘွန်းအတွက် ပွဲပေါင်း ၉၀ မှာ အံ့သြဖွယ်အဖြစ် ၈၂ ဂိုးအထိ သွင်းယူထားပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားရဲ့ ကောင်းမွန်တဲ့ပုံစံက အသင်းပေါင်းများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ယူနိုက်တက်နဲ့ အာဆင်နယ်တို့က သူ့ကို ပရီးမီးယားလိဂ်သို့ ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
အာမိုရင်ဟာ နိုဝင်ဘာမှာ စပို့တင်းကနေ ယူနိုက်တက်ကို မပြောင်းခင် ရောကရက်စ်နဲ့ အတူ လုပ်ကိုင်ခဲ့ဖူးပြီး ဒီနွေရာသီမှာ တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူဖို့ မျှော်လင့်ထားပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်မှူး ဟွိုက်လန်းနဲ ဇက်ဇီတို့အတွက် ပေါင်၁၀၀ သန်းကျော် သုံးစွဲခဲ့ပေမယ့် နှစ်ဦးစလုံး က လိုအပ်တဲ့ အဆင့်မှာ ရှိနေတဲ့ပုံ မပေါ်နေတာဖြစ်ပါတယ်။
အာဆင်နယ်ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး အသစ်တစ်ဦး မခေါ်ယူဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်က ချက်ချင်းဆိုသလို ဆိုးကျိုးပေးခဲ့တာကြောင့် အာတီတာရဲ့ တိုက်စစ်မှူး ရွေးချယ်မှုတွေကို သေချာပေါက် အားဖြည့်လိမ့်ပါမယ်။
ရောကရက်စ်ဟာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့အတွက် ဆွဲဆောင်မှုရှိတဲ့ အလားအလာတစ်ခု ဖြစ်နိုင်ပေမယ့် ဖာဒီနန်က ဒီအပြောင်းအရွှေ့ကိုမလုပ်ဖို့ နှစ်သင်းစလုံးကို သတိပေးခဲ့ပြီး ဆွီဒင်နိုင်ငံသားဟာ မှန်ကန်တဲ့သူ မဟုတ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
"ကျွန်တော်ကတော့ သူဟာ မှန်ကန်တဲ့သူလို့ မထင်ပါဘူး။ ကျွန်တော် သူ့ကို အများကြီး မကြည့်ဖူးပေမယ့် သုံးခါလောက် အနီးကပ် ကြည့်ခဲ့ဖူးပါတယ်" "သုံးခါ ကြည့်ပြီးနောက် သူက ပရီးမီးယားလိဂ်မှာ အဲဒီလို အခွင့်အရေးတွေ မရဘူးလို့ ကျွန်တော် တွေးမိပါတယ်။ သူ့ကို ကြံ့ခိုင်မှုဆိုင်ရာ ယှဉ်ပြိုင်မှုကိုကြည့်တော့ ကောင်းမယ်လို့မမြင်မိပါဘူး"
"ဒါက ကျွန်တော် မေးနေတဲ့ မေးခွန်းတွေပါပဲ။ ကြံ့ခိုင်မှုဆိုင်ရာ ယှဉ်ပြိုင်မှု ရှိတဲ့အခါ ဂိုးရဖို့ လုံလောက်တဲ့ အရာတွေ ရှိလား။ ကြံ့ခိုင်မှုဆိုင်ရာ အရည်အချင်းက ဒီနေ့ခေတ်ပွဲတွေမှာ အရမ်းကြီးတဲ့ အရာပါပဲ" "အာမိုရင်ရဲ့ အသင်းမှာ ကြံ့ခိုင်ဆိုင်ရာအရည်အချင်းနဲ့ ကစားနိုင်မယ့်သူတွေ လိုအပ်ပေမယ့် ဒီအသင်းမှာ တကယ် မရှိနေပါဘူး။ ဒီမှာ အဲ့ဒီလိုကစားသမားမျိုး မရှိပါဘူး" လို့ ဖာဒီနန်က သူ့ YouTube ချန်နယ်မှာ ပြောခဲ့ပါတယ်။
မန်စီးတီး၊ အဲဗာတန်နဲ့ ဝုဗ်တို့ရဲ့ခံစစ်မှူးဟောင်း လက်စကော့တ်ကလည်း ယူရိုသန်း ၁၀၀ စာချုပ်ဖျက်သိမ်းခရှိနေပြီး ပေါင် ၆၃ သန်းလောက်နဲ့ခေါ်ယူနိုင်မယ့် ရောကရက်စ်နဲ့ ပတ်သက်ပြီး သံသယရှိနေပါတယ်။ "အာဆင်နယ်က သူ့ကို ခေါ်နိုင်တယ်လို့ ယုံကြည်ပါတယ် ဒါပေမယ့် သူက သင့်တော်တဲ့သူ မဟုတ်ပါဘူး"
"တီမိုဝါနာ ချဲလ်ဆီးသို့ စရောက်တဲ့အချိန်ကို မှတ်မိပါသေးတယ်။ ဘရိုက်တန်နဲ့ ကစားတဲ့အခါ သူက ဒီလို ကြံ့ခိုင်မှုဆိုင်ရာ အရာမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောခဲ့ပါတယ်။ ကြံ့ခိုင်မှုဆိုင်ရာ အရည်အချင်းက ပရီးမီးယားလိဂ်မှာ အရမ်းကြီးတဲ့ အရာပဲ" လို့ လက်စကော့တ်က ပြောပါတယ်။
ရောကရက်စ်ကို မခေါ်ဖို့ အာဆင်နယ်ကို ဖာဒီနန်က အကြံပေးခဲ့ပေမယ့် ဂန်နာတွေအနေနဲ့ တိုက်စစ်မှူး အသစ်တစ်ဦး အလွန်လိုအပ်နေတယ်ဆိုတာ ယုံကြည်ပါတယ်။ အီဆက်ကို အာတီတာရဲ့ ထိပ်တန်း ပစ်မှတ်လို့ ယူဆထားပေမယ့် ဖာဒီနန်က အာဆင်နယ်ဟာ ကစားသမားကို ပေါင် ၁၂၀ သန်းနှင့်အထက် တန်ကြေးသတ်မှတ်ထားတဲ့ နယူးကာဆယ်နဲ့ သဘောတူညီမှု ရလိမ့်မယ်လို့ မမြင်ပါဘူး။ "အာဆင်နယ်က အီဆက်ကို မရနိုင်ပါဘူး ဒါကြောင့် သူတို့ လက်တွေ့ကျဖို့ လိုပါတယ်" လို့ ပရီးမီးယားလိဂ် ၆ ကြိမ်ရ ခံစစ်မှူးက ထပ်လောင်းပြောကြားခဲ့ပါတယ်။