The network connection is lost.

Banner Image

ယူနိုက်တက်မှာ ၁၀ နှစ်အထိနေထိုင်ဖို့ စီစဉ်ထားခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၀ နှစ်ကြာနေထိုင်ဖို့အထိ အစီအစဉ်ဆွဲထားခဲ့တယ်လို့ ယူနိုက်တက်လက်ထောက်နည်းပြဟောင်း ဘင်နီမက္ကာသီက ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်မှာ ၂ နှစ်ခွဲအကြာသာနေထိုင်ခဲ့တဲ့ တန်ဟက်ဟာ သူ့ရဲ့လက်ထက်မှာ အသင်းအတွက် အောင်မြင်မှုအချို့ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ကလပ်ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ ရည်မှန်းချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခြင်းမရှိတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ တန်ဟက်ထွက်ခွာချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေသလို၊ ယူရိုပါလိဂ်မှာလည်း ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ တန်ဟက်လက်အောက်မှာအလုပ်လုပ်ခဲ့တဲ့ လက်ထောက်နည်းပြဟောင်း မက္ကာသီက နယ်သာလန်သားရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ချီးကျူးခဲ့ပြီး တန်ဟက်ဟာ ယူနိုက်တက်မှာ ၁၀ ကြာနေထိုင်ဖို့အထိ အစီအစဉ်ဆွဲခဲ့တယ်လို့ဆိုပါတယ်။ အာဖရိကအခြေစိုက် ဘီဘီစီအားကစားဌာနနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက္ကာသီက "ကျွန်တော့်အနေနဲ့ တန်ဟက်ရဲ့လက်အောက် ကမ္ဘာ့အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံးကလပ်မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်"

"ယူနိုက်တက်ကိုရောက်ချိန်မှာ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန်အလုပ်လုပ်ကိုင်ပုံကို တန်ဟက်လက်အောက်မှာသင်ယူခွင့်ရခဲ့ပါတယ်။ သူက စည်းကမ်းအလွန်ကောင်းတဲ့လူတစ်ယောက်ဖြစ်ရုံမက ကျွန်တော်မြင်ဖူးသမျှလူတွေထဲမှာ ပရော်ဖက်ရှင်နယ်အဆန်ဆုံးလူတစ်ယောက်လည်းဖြစ်ပါတယ်"

"အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားသလို၊ စိတ်ထဲကနေလည်း အာရုံစူးစိုက်မှုအပြည့်အဝထားတဲ့ လူတစ်ယောက်ပါ။ ဘောလုံးအပေါ်မှာ အရမ်းစိတ်အားထက်သန်ပါတယ်။ တန်ဟက်က ယူနိုက်တက်မှာ ၁၀ နှစ်လောက်အထိနေထိုင်ဖို့ အစီအစဉ်ဆွဲထားခဲ့တာပါ။ ဒါပေမယ့် ဒါက ကျွန်တော့်အမြင်သက်သက်ပါ"လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး မက္ကာသီက သူ့အနေနဲ့လည်း ယူနိုက်တက်မှာ ဘာတွေမှားနေသလဲဆိုတာ အဖြေရှာနိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ တောင်အာဖရိက လက်ရွေးစင်ဟောင်းက "ရိုးရိုးသားသားပြောရမယ်ဆိုရင် ယူနိုက်တက်ရဲ့ဘယ်နေရာက ပြဿနာဖြစ်နေသလဲဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ ယူနိုက်တက်က ကြီးမားတဲ့ကလပ်တစ်ခုဖြစ်ပြီး ပြဿနာတွေက တစ်ခုပြီးတစ်ခုတော့ တက်နေပါတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်တော်အဖြေမရှာနိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ယူနိုက်တက်ကနေထွက်ခွာသွားခဲ့တဲ့ တန်ဟက်ဟာ အခုချိန်အထိ အသင်းသစ်နဲ့ချိတ်ဆက်ခြင်းမရှိသေးဘဲ လာမယ့်ရာသီမှသာ ဘောလုံးကွင်းထဲသို့ပြန်လာမယ်လို့အတည်ပြုထားပါတယ်။ လောလောဆယ်မှာတော့ နယ်သာလန်သားအနေနဲ့ ဘယ်အသင်းနဲ့လက်တွဲသွားမယ်ဆိုတာ ကောလာဟလပင် ထွက်ပေါ်ထားခြင်းမရှိသေးပါဘူး။