ဒီနှစ်ရာသီချန်ပီယံလိဂ်ဖလားရမယ့်အသင်းကို ပြောပြလိုက်တဲ့ ရော်နယ်ဒို
ရီးရဲလ် နဲ့ ယူနိုက်တက်စတားဟောင်း ရော်နယ်ဒိုက ရီးရဲလ်အသင်းဟာ အခုရာသီချန်ပီယံလိဂ်ဖလားအောင်မြင်လိမ့်မယ်လို့ ထောက်ခံခဲ့သလို ဂွါဒီယိုလာအနေနဲ့လည်း စီးတီးနဲ့အတူ ပြန်လာနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒေါ့မွန်ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဥရောပမှာ ရုန်းကန်နေရကာ ၆ ပွဲမှာ ၉ မှတ်သာရရှိထားပါတယ်။
ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ မက်ဒရစ်အသင်းဟာ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး ရှုံးထွက်အဆင့်နဲ့ ၄ မှတ်ကွာဟနေပါတယ်။ စီးတီးကလည်း ချန်ပီယံလိဂ်မှာ ရုန်းကန်နေရပြီး ရှုံးထွက်အဆင့်တက်ရောက်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ဥရောပမှာတင်မဟုတ်ပဲ ပရီးမီးယားလိဂ်မှာပါ ရုန်းကန်နေရတာဖြစ်ပြီး လီဗာပူးအသင်းနဲ့ ၁၄ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။
စီးတီးရုန်းကန်နေရတာနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက “ကောင်းပါပြီ။ ဘောလုံးမှာက ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အသင်းတွေမှာ အခိုက်အတန့်တွေ ၊ ခက်ခဲတဲ့အချိန်တွေ ၊ ကောင်းမွန်တဲ့အချိန်တွေရှိတတ်ပါတယ်။ စီးတီးက အခုလက်ရှိမှာ ခက်ခဲတဲ့အနေအထားကို ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် ကျွန်တော် တပ်အပ်ပြောနိုင်တာကတော့ သူတို့ ၁၀၀% ပြန်လာမှာပါ။ မက်ဒရစ်လည်း အတူတူပါပဲ။
လူတွေ အစမှာ သူတို့အရမ်းကောင်းလိမ့်မယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် သူတို့ အရမ်းမဆိုးသေးပါဘူး။ ဘာစီလိုနာနဲ့ ၂ မှတ်အကွာအနေအထားဆိုတာ မဆိုးသေးပါဘူး။ သူတို့ကတော့ ဆိုးဝါးတဲ့ရာသီတစ်ခုလို့ပြောနေကြပါတယ်။ သူတို့ဘာကြောင့်ဒီလိုပြောလဲဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ ကစားသမားတစ်ဦးချင်းစီတိုင်းမှာကော အသင်းတိုင်းမှာလည်း အခုလိုခက်ခဲတဲ့အချိန်တွေရှိတတ်ပါတယ်။
ဒါပေမယ့် မကြာခင်မှာ အားလုံးပြန်လာနိုင်တာပါပဲ။ မက်ဒရစ်ဆိုရင်လည်း ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်မှာပါ။ စီးတီးလည်း အတူတူပါပဲ။ ပြန်လာနိုင်မှာ သေချာပါတယ်။ စီးတီးမှာက ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကြောင့်ပါ။ သူတို့က ထိပ်တန်းအသင်းဖြစ်သလို ထိပ်တန်းကစားသမားတွေရှိနေပါတယ်။ ဖြစ်နေတဲ့ပြဿနာကို သူတို့သိပါတယ်။
ဂွါဒီယိုလာက တကယ့်ထိပ်တန်းနည်းပြပါ။ သူတို့ ၁၀၀% ပြန်လာနိုင်မှာ သေချာပါတယ်။ ပြဿနာကို မကြာခင်မှာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ မက်ဒရစ်လည်းအတူတူပါပဲ။ အစပိုင်းမှာ ခက်ခဲပေမယ့် သူတို့ အထိုင်ကျလာမှာပါ”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။