
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက အလွန်အရေးကြီးကြောင်း အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဘယ်လင်ဟမ်
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က အသင်းဟာ ဒီရာသီမှာ အတော်လေးအားနည်းခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပြီး ဖလားလက်မဲ့မဖြစ်စေဖို့အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြိုးစားသွားဖို့လိုအပ်ကြောင်း အသင်းဖော်တွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ လာလီဂါအမှတ်ပေးဖလားကို အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာထံ ဆုံးရှုံးခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း စောစောစီးစီးပဲ လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကာလိုအန်ဆယ်လော့တီရဲ့အသင်းဟာ ဒီရာသီမှာ ဘာစီလိုနာနဲ့ ပြိုင်ပွဲစုံ ၄ ပွဲအထိတွေ့ဆုံခဲ့ရာ ၄ ပွဲစလုံးရှံးနိမ့်ခဲ့ပါတယ်။
ယခုအခါမှာတော့ ဘယ်လင်ဟမ်က အသင်းအနေနဲ့ ဖလားလက်မဲ့နဲ့ရာသီမသိမ်းလိုပါက နောက်ဆုံး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းလာခဲ့တာဖြစ်ပါတယ်။ လာမယ့် မေလ ၂၄ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါရာသီပိတ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘယ်လင်ဟမ်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ စုစုပေါင်း ၂၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်လက်ရွေးစင်ဟာ ဒီရာသီမှာတော့ စုစုပေါင်း ၁၄ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဖလားလက်မဲ့နဲ့ ရာသီသိမ်းရတော့မှာဖြစ်ပါတယ်။
ယခုအခါမှာ ဘယ်လင်ဟမ်က "ကလပ်ကမ္ဘာ့ဖလားက အရေးကြီးပါတယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ နောက်ထပ် ဆုဖလားတစ်လုံးပါ။ အားနည်းတဲ့ရာသီတစ်ခုကို ဖြတ်ကျော်အပြီးမှာတော့ ဒီဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာစတင်ကျင်းပသွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ဇွန်လ ၁၈ ရက်နေ့မှာတော့ ဆော်ဒီပရိုလိဂ်ကလပ် အ်လ်ဟီလယ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်၊ ပါချူကာ၊ ဆဲလ်ဘတ်တို့နဲ့ အုပ်စုတစ်ခုတည်းကျရောက်နေပြီး အုပ်စုမှ ရှုံးထွက် ၁၆ သင်းအဆင့်သို့တက်လှမ်းနိုင်ပါက မန်စီးတီး သို့မဟုတ် ဂျူဗင်တပ်စ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားနိုင်ပါတယ်။