The network connection is lost.

Banner Image

ဗယ်လ်ဗာဒီအတွက် ဖန်တီးပေးခဲ့တဲ့ဂိုးက သူ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဖန်တီးမှုဖြစ်တယ်လို့ဆိုလာတဲ့ ဗင်နီစီးယက်စ်

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာက သောကြာနေ့နံနက်က ဆဲလ်ဘတ်ကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ အသင်းဖော် ဖရက်ဒရစ်ကိုဗယ်လ်ဗာဒီအတွက် ပြုလုပ်ပေးခဲ့တဲ့ ဂိုးဖန်တီးမှုဟာ သူ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဂိုးဖန်တီးမှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

လင်ကွန်းဖိုင်နန်ရှယ်အားကစားကွင်းကြီးထဲမှာ ကျင်းပခဲ့တဲ့ ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်းအတွင်းမှာပဲ ဗင်နီးစီးယက်စ် ဗယ်လ်ဗာဒီတို့ရဲ့ဂိုးတွေနဲ့ ဆဲလ်ဘတ်ကို ၂ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပြီး အနိုင်သေချာစေမယ့် တတိမြောက်သွင်းဂိုးကိုတော့ ပွဲပြီးကာနီး ၈၄ မိနစ်မှာ တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အုပ်စုပထမနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီး လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာတော့ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဗင်နီစီးယက်စ်က "ဗယ်လ်ဗာဒီအတွက်ပြုလုပ်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ဂိုးဖန်တီးမှုအတွက် အတော်လေးပျော်ပါတယ်။ ဒါက ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဖန်တီးမှုတွေထဲက တစ်ခုပါပဲ။ ဆဲလ်ဘတ်က နှစ်ပတ်အတွင်းအရမ်းကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ယုံကြည်ချက်ရှိရှိနဲ့ကစားခဲ့ပြီး နည်းပြရဲ့ဆန္ဒအတိုင်းတတ်နိုင်သလောက် လျင်လျင်မြန်မြန်တိုက်စစ်ဆင်ခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့လည်းဒီပွဲမှာ ပြိုင်ဘက်ဂိုးဧရိယာထဲပိုရောက်အောင်ကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဗင်နီစီးယက်စ်ဟာ ဗယ်လ်ဗာဒီအတွက် နောက်ပေါက်နဲ့ချပေးပြီး လှလှပပ ဂိုးဖန်တီးမှုလုပ်ပေးနိုင်ခဲ့တာကြောင့် ဒီပို့တီဗိုနဲ့ပွဲစဉ်မှာ အဆိုပါပုံစံအတိုင်း ဖန်တီးမှုပြုလုပ်ခဲ့ဖူးတဲ့ ကလပ်ဂန္ထဝင် ဂူတီနဲ့ နှိုင်းယှဉ်ခံနေရပါတယ်။ နည်းပြအလွန်ဆိုက "ဒီပွဲမှာ ဗင်နီအရမ်းကောင်းခဲ့ပါတယ်။ ဂူတီဖန်တီးမှုပြုလုပ်သလိုပဲ သူလုပ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်ကရီးရဲလ်မှာကစားနေတာပါ။ ရူးလောက်စရာဖန်တီးမှုပါပဲ။ ဂူတီရဲ့ဖန်တီးမှုက ပိုကောင်းတယ်လို့ထင်ပေမယ့် ဗင်နီရဲ့ဖန်တီးမှုကလည်း ဂူတီနဲ့အတော်လေးတူပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး စပိန်သားနည်းပြက "ဗင်နီစီးယက်စ်အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေအပေါ်မှာ အာရုံမထားပါဘူး။ သူ့ရဲ့ခံစစ်ကစားပုံနဲ့ ဘယ်ချိန်မှာ ကစားအားမြှင့်တင်မယ်၊ ဘယ်အချိန်မှာ ကစားအားလျှော့ချမယ်ဆိုတာကို စောင့်ကြည့်နေခဲ့ပါတယ်။ ဒီပွဲမှာ သူလွတ်လွတ်လပ်လပ်ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်နောက်တန်းထဲထိ ပိုပြီးဝင်ရောက်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေနဲ့ပတ်သက်ပြီးတော့လည်း အလွန်ဆိုက "ကျွန်တော်တို့သူ့ကို အမြန်ဆုံးပြန်လိုချင်နေပါပြီ။ အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့မျှော်လင့်ပါတယ်။ အခုချိန်မှာ ကျွန်တော်စကားတွေအများကြီးမပြောချင်ပါဘူး။ ဒါပေမယ့် လာမယ့်အင်္ဂါနေ့မှာ သူပြန်ပါလာမယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့သူ့ကိုလိုအပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ဂါစီယာကိုလည်း အလွန်ဆိုက ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ စပိန်သားနည်းပြက "ဂါစီယာက တကယ့်နံပါတ် ၉ တိုက်စစ်မှူးပါ။ သူ့ကိုကြည့်ပြီး ရာအူးလ်ကိုသတိရမိပါတယ်။ အမြဲတမ်းနေရာယူမှန်မှန်နဲ့ အခွင့်အရေးကို စောင့်နေတတ်တဲ့ကစားသမားပါ။ အသက်-၂၁ နှစ်ပဲရှိသေးပေမယ့် အလုပ်လည်းအရမ်းကြိုးစားပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။