ဥရုဂွေးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရီးရဲလ်စတား အန်းဒရစ်ခ်
ရီးရဲလ်စတား အန်းဒရစ်ခ်တစ်ယောက် ဘရာဇီးအသင်းအတွက် တစ်ပွဲလုံးပါဝင်ကစားခဲ့ပေမယ့် အောင်မြင်တဲ့ဘောလုံးပေးပို့မှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပွဲမှာ ဝ-၀ ပြီးဆုံးခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး မီလီတာအိုနဲ့ ဒေါက်ကလပ်လူးဝစ်ဇ်တို့ ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ အန်းဒရစ်ခ်တစ်ယောက် ဘရာဇီးအတွက် ပထမဆုံးကျောနံပတ် ၉ ကိုဝတ်ဆင်ခွင့်ရခဲ့ပေမယ့် အခုကွာတားဖိုင်နယ်က သူ့အတွက် ပထမဆုံးပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။
ဘရာဇီးလူငယ်စတားဟာ ယခင်အုပ်စုပွဲစဉ် ၃ ပွဲဖြစ်တဲ့ ကော်စတာရီကာ၊ ပါရာဂွေးနဲ့ ကိုလံဘီယာပွဲတွေမှာတော့ အရန်ခုံကနေသာ လူစားဝင်ခွင့်ရရှိခဲ့ပါတယ်။ ဘရာဇီးဟာ အုပ်စုအဆင့်မှာ ရုန်းကန်ခဲ့ရပြီး ပါရာဂွေးအသင်း တစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့ကာ ကော်စတာရီကာ၊ ကိုလံဘီယာနဲ့ ဥရုဂွေးပွဲတွေမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အန်းဒရစ်ခ်တစ်ယောက် မတ်လတုန်းက နိုင်ငံအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သေးတာဖြစ်ပြီး အင်္ဂလန် ၊ စပိန်စတဲ့ပွဲတွေမှာ ၂ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါစံချိန်ဟာ ပီလီပြီးနောက် အခုလိုမျိုး အန်းဒရစ်ခ်က တင်နိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့ နေမာတို့ထက်တောင် သာလွန်ခဲ့တာဖြစ်ပါတယ်။
အန်းဒရစ်ခ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့တုန်းက အသက် ၁၈ နှစ်ပြည့်ခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအဆင့်အတန်းနဲ့ သူ့ကိုမျှော်လင့်နေတာတွေက မြင့်မားနေပြီး မကြာခင်မှာ ဗင်နီဆီးယက်စ် ၊ ရိုဒရီဂို ၊ ဘာပေတို့နဲ့ ရီးရဲလ်မှာ ပေါင်းဆုံရတော့မှာဖြစ်ကာ အခွင့်အရေးကောင်းတွေရလာဖို့ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။