
မာဆယ်လိုရဲ့ ကစားသမားဘဝမှ အနားယူမှုအပေါ် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ရီးရဲလ်မက်ဒရစ်
မာဆယ်လိုရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူကြောင်း ကြေညာချက်အပြီးတွင် ရီးရဲလ်မက်ဒရစ်က ကျေးဇူးတင်စကားနှင့် ချစ်ခင်မှုများကို ဖော်ပြလိုက်ပါတယ်။ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့ကလပ်ရဲ့ ထင်ရှားတဲ့ ဂန္တဝင်များထဲမှ တစ်ဦးဖြစ်ကာ ကမ္ဘာ့ဘောလုံးရဲ့ ဂန္တဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၀၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်တွင် ရီးရဲလ်မက်ဒရစ် သို့ ရောက်ရှိလာခဲ့ပြီး ကျွန်ုပ်တို့ရဲ့ ၁၂၂ နှစ်တာ သမိုင်းရဲ့ အအောင်မြင်ဆုံး ကာလများထဲမှ တစ်ခုတွင် အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ အင်္ကျီနှင့် လိုဂိုအတွက် ကစားခဲ့တဲ့ ၁၆ ရာသီအတွင်း သူဟာ ပွဲစဉ် ၅၄၆ ပွဲတွင်ပါဝင်ခဲ့ပြီး ချန်ပီယံဆု ၂၅ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ဥရောပဖလား ၅ လုံး၊ ကလပ်ကမ္ဘာ့ဖလား ၄ လုံး၊ ဥရောပစူပါဖလား ၃ လုံး၊ လိဂ်ဖလား ၆ လုံး၊ ကိုပါဒဲရေး ၂ လုံးနှင့် စပိန်စူပါဖလား ၅ လုံး တို့ဖြစ်ပါတယ်။
တစ်ဦးချင်းအဆင့်တွင် မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် ကစားသမားအဖြစ် FIFA FIFPRO World 11 တွင် ၆ ကြိမ် ပါဝင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် နှင့် ရရှိခဲ့တဲ့ ချန်ပီယံဆုများအပြင် မာဆယ်လိုဟာ ဘရာဇီးလက်ရွေစင်အသင်းနှင့်အတူ ၂၀၁၃ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလားကို ရရှိခဲ့ပြီး၊ လန်ဒန် ၂၀၁၂ အိုလံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် ပေကျင်း ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့ပါတယ်။
ဖလူမီနီစ်နှင့်အတူ သူဟာ ကိုပါလီဘာတေးတို ၁ ကြိမ် နှင့် ရီကိုပါ ဆူဒါမာရီကာနာ ၁ ကြိမ် ရရှိခဲ့ပါတယ်။ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲအများဆုံးကစားခဲ့တဲ့ နိုင်ငံခြားသား ကစားသမားများထဲတွင် တတိယမြောက် အများဆုံး ဖြစ်ပါတယ်။ သူဟာ လစ္စဘွန်းက ဖိုင်နယ်ပွဲတွင် ဂိုးသွင်းသူများထဲမှ တစ်ဦးဖြစ်ခဲ့ပြီး ပရစ်တွင် ဆုဖလားရယူပေးခဲ့တဲ့ ကပ္ပတိန်လည်း ဖြစ်ပါတယ်။ သူရဲ့ အံ့သြဖွယ် ဘောလုံးကစားဟန်နှင့် ရီးရဲလ်မက်ဒရစ်ရဲ့ တန်ဖိုးများကို ကိုယ်စားပြုကာ အရာအားလုံးကို ပေးဆပ်ခဲ့တဲ့ ကစားသမားတစ်ဦးရဲ့ အမှတ်တရတွေကတော့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမှာ ဖြစ်ပါတယ်။
သူနှင့် သူရဲ့ မိသားစုအားလုံးအတွက် ဘဝရဲ့ စာမျက်နှာသစ်မှာ အကောင်းဆုံး ကံကောင်းခြင်းများ ရရှိပါစေလို့ ရီးရဲလ်မက်ဒရစ်က ဆုတောင်းပေးထားပါတယ်။