The network connection is lost.

Banner Image

လက်စ်ပါးမားကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အမှားအယွင်းတွေများပြားခဲ့မှုအတွက် ဒေါသူပုန်ထနေတဲ့ ရာဖင်ဟာ

ဘာစီလိုနာတောင်ပံကစားသမားရာဖင်ဟာက မနေ့ညပိုင်း၊ လက်စ်ပါးမားကို အိမ်ကွင်းမှာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်းသူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ဒေါသထွက်နေခဲ့ပါတယ်။
အခုပွဲစဉ်ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာပဲ လက်စ်ပါးမားတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ရာဖင်ဟာက လှပတဲ့အဝေးကန်ချက်နဲ့အတူ ဘာစီလိုနာအတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ နောက်ခြောက်မိနစ်အကြာမှာတော့ ဧည့်သည်တွေက အခုပွဲစဉ်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ကောင်းမွန်မာကျောလှတဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့အတူ အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ရာသီအစကို အကောင်းမွန်ဆုံးဖြတ်သန်းနိုင်ခဲ့တဲ့ ဘာစီလိုနာတို့ လာလီဂါနောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပျောက်ပြီး ပွဲကျန်နှစ်ပွဲကစားရမယ့် ခါးသီးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ လေးမှတ်သာ ကွာဟပါတော့တယ်။ ကတ္တလန်ဒေသခံကလပ်ရဲ့လတ်တလောဆိုးရွားတဲ့ပုံစံတွေက ရာဖင်ဟာရဲ့ဒေါသတွေကို နှိုးဆွစေခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း အလှည့်အပြောင်းတွေဖြစ်လာဖို့ ဝိုင်းဝန်းကြိုးပမ်းသွားရန် အသင်းဆီ တိုက်တွန်းခဲ့ပါတယ်။

TV 3 နဲ့တွေ့ဆုံချိန် ရာဖင်ဟာက “ ကျွန်တော်တု့ိတွေ အတော်လေးကို ညံ့ဖျင်းနေခဲ့ကြပါတယ်။ ကျွန်တော်တို့က ရှိရမယ့်အဆင့်အတန်းမျိုးအောက်တော်တော်နိမ့်ကျတဲ့အနေအထားအထိ လျှော့ချထားခဲ့ပါတယ်။ ကျွန်တော်တို့ အလုပ်ကြိုးစားဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ အမှားတွေ အများကြီးကျူးလွန်မိခဲ့ပါတယ်။ ဒီလိုအရာတွေကို အလှည့်အပြောင်းပြုလုပ်ပြီး လာလီဂါချန်ပီယံဆုရရှိနိုင်မယ့် လမ်းကြောင်းဆီ ပြန်လည်တက်လှမ်းသွားရပါမယ်။

ကျွန်တော် ဒေါသထွက်နေပါတယ်။ ကျွန်တော့်ရဲ့ဂိုးတွေ ဘယ်လောက်အထိရှိလာသလဲဆိုတာ ကျွန်တော်ဂရုမစိုက်ပါဘူး။ နိုင်ပွဲအကြောင်းကိုပဲ ကျွန်တော် ဂရုစိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲမရရှိခဲ့ပါဘူး။ ပြီးတော့ ဒီပွဲစဉ်နဲ့ပတ်သက်လို့ ကျွန်တော် မကျေနပ်ပါဘူး”လို့ ပြောပါတယ်။
လက်ရှိမှာ ဟန်စီဖလစ်ခ်ရဲ့အသင်းက လာမယ့်အင်္ဂါနေ့၊ အမှတ်ပေးဇယားပဉ္စမနေရာရှိမာယော့ကာနဲ့ ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်အတွင်း အနိုင်သုံးမှတ်အပြည့်ရရှိအောင် စွမ်းဆောင်သွားရပါလိမ့်မယ်။