The network connection is lost.

Banner Image

ယူနိုက်တက်က နှလုံးခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ ရင်းနစ်ရဲ့အဆိုဟာ မမှားဘူးလို့ဆိုလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းဟာ နှလုံးခွဲစိတ်ကုသဖို့လိုအပ်နေတယ်ဆိုတဲ့ နည်းပြဟောင်းရက်ဖ်ရင်းနစ်ရဲ့အဆိုဟာ မမှားဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ရင်းနစ်ဟာ အိုလီဂန်နာဆိုးလ်ရှားထွက်ခွာသွားခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမှာ ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ထိုစဉ်က ယူနိုက်တက်ဟာ အတွင်းပိုင်းမှာပြဿနာတွေအများအပြားဖြစ်နေတာကြောင့် နှလုံးခွဲစိတ်ကုသမှုခံယူသလို အသင်းကို ခက်ခက်ခဲခဲပြုပြင်ဖို့လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအခါမှာလည်း ယူနိုက်တက်ဟာပြိုင်ပွဲစုံမှာ ရလဒ်ဆိုးတွေနဲ့တောက်လျှောက်ကြုံတွေ့နေရပြီး နောက်ဆုံး ၄ ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ 

ခက်ခဲနေတဲ့ယူနိုက်တက်အနေနဲ့ ရလဒ်ပိုင်းသာမက ခြေစွမ်းကောင်းရဖို့ပါရုန်းကန်နေရတာကြောင့် နည်းပြရူဘင်အာမိုရင်ကိုယ်တိုင် အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှတန်းမဆင်းနိုင်ဘူးလို့ ပြောလို့မရကြောင်း ဝန်ခံထားခဲ့ပါတယ်။ယခုအခါမှာ ဖာဒီနန်ကလည်း ယူနိုက်တက်ရဲ့ရုန်းကန်နေရတဲ့အခြေအနေတွေကို ဝန်ခံလာခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

ဖာဒီနန်က “ရက်ဖ်ရင်းနစ်ပြောတဲ့ ယူနိုက်တက်မှာ နှလုံးခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေတယ်ဆိုတဲ့စကားက အမှန်ပါပဲ။ အသင်းကို လွယ်လွယ်ကူကူပြုပြင်လို့မရတော့ပါဘူး။ သူပြောတာမမှားပါဘူး။ အခုချိန်မှာ သူပြောခဲ့တာ ဘယ်လောက်အထိမှန်ကန်သလဲ မြင်တွေ့နေရပါပြီ။ အရင်တုန်းကတော့ ဒီလိုစကားတွေကို လူတွေလက်မခံခဲ့ကြပါဘူး။ ဒါပေမယ့် အခုတော့ အရမ်းမှန်တယ်ဆိုတာ ပေါ်လွင်လာပါပြီ။ အာမိုရင်ကိုယ်တိုင်လည်း ဒါတွေဟာအမှန်တွေဆိုတာ သိနေမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၇ မှတ်ဖြတ်ဦးဆောင်ထားတဲ့ လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ကတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ရမှတ် ၇ မှတ်သာကွာဟနေပါတယ်။