
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ နီးစပ်လာပြီဖြစ်ကြောင်း မာရက်စ်ကာ ဝန်ခံပြောကြား
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက မိမိတို့အသင်းဟာ လွန်ခဲ့တဲ့ ၁ နှစ်တုန်းကထက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ နီးစပ်လာပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအသင်း အစကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယနေရာရပ်တည်နေစဉ် မာရက်စ်ကာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ရာသီနောက်ဆုံးအချိန်ကျမှ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့အပြင် ချဲလ်ဆီးဟာ မနှစ်ကတုန်းက ရလဒ်တွေဆိုးဝါးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွန်းဖရန့်လိဂ် နဲ့ ကလပ်ကမ္ဘာ့ဖလားတွေရယူနိုင်ခဲ့ပြီးနောက် မာရက်စ်ကာက မိမိတို့အသင်းဟာ အာဆင်နယ် ၊ လီဗာပူး ၊ မန်စီးတီးတို့နည်းတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ နီးစပ်လာပြီလို့ ယုံကြည်နေပါတယ်။
“တစ်နှစ်လောက်တုန်းက ကျွန်တော်တို့ အရမ်းဝေးကွာနေခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ တော်တော်လေးနီးစပ်လာပါပြီ။ အခုလိုမျိုးဆက်လက်တိုးတက်လာဖို့လည်း မျှော်လင့်ပါတယ်။ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ တော်တော်လေးနီးစပ်လာသလို စိန်ခေါ်နိုင်ဖို့လည်း ကြိုးစားသွားမှာပါ။ ခင်ဗျားချဲလ်ဆီးမှာရှိနေမယ်ဆိုရင် အသင်းပစ်မှတ်က ဆုဖလားတွေ နဲ့ နိုင်ပွဲတွေပါ။ အဲ့တာက အသေးစားလိုအပ်ချက်ပါ။ ကျွန်တော်တို့ အခုနှစ်မှာ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၁၂ လကတည်းက အသင်းလူအင်အားကို တည်ဆောက်နေတာဖြစ်ပြီး နည်းစနစ်ပိုင်းအပြင် အထိုင်ကျမှုအပိုင်းပါ တည်ဆောက်နေတာဖြစ်ပါတယ်။ မာရက်စ်ကာက အခုရာသီသစ်မှာတော့ မိမိတို့အသင်းအနေနဲ့ လီဗာပူး ၊ အာဆင်နယ်တို့ကို လိုက်မီနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းကတည်းက လိဂ်အတွင်းမှာအရှိန်တစ်ခုရဖို့ ပစ်မှတ်ထားနေပြီး သိပ်မကြာခင်မှာ ပရီးမီးယားလိဂ်ရာသီသစ်က စတင်တော့မှာဖြစ်ပါတယ်။