
ဒွန်နာရမ်မာထွက်ခွာမယ်ဆိုတဲ့သတင်းအပေါ် သူ့ရဲ့အမြင်ကို ထုတ်ပြန်လာတဲ့ မာကွင်ဟို့စ်
တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲဆီ မာကွင်ဟို့စ်တက်ရောက်လာပြီး အနာဂတ်မရေမရာဖြစ်နေတဲ့ အသင်းဖော်ဒွန်နာရမ်မာနဲ့ ပတ်သက်လို့ ဆွေးနွေးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ပီအက်စ်ဂျီမှ ဒွန်နာရမ်မာထွက်ခွာနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ထားခဲ့သလို ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အသင်းလူစာရင်းမှထုတ်ပယ်ခံရပြီးနောက် အီတာလျံဂိုးသမားကိုယ်တိုင်ကလည်း အပြောင်းအရွှေ့ကိစ္စကို အတည်ပြုလာခဲ့ပါတယ်။
လူမှုကွန်ရက်မှတဆင့် ဒွန်နာရမ်မာက “ ကံမကောင်းစွာနဲ့ဘဲ တစ်စုံတစ်ဦးက ကျွန်တော့်ကို အသင်းမှာ မပါဝင်ဖို့၊ အသင်းရဲ့အောင်မြင်မှုမှာ ပါဝင်ကူညီခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် စိတ်ပျက်အားလျော့မိပါတယ်။ ပါရီမြို့အိမ်ကွင်းကြီးမှာ အသင်းပရိသတ်တွေကိုနှုတ်ဆက်နိုင်မယ့်အခွင့်အရေးရရှိဖို့အတွက် ကျွန်တော် မျှော်လင့်မိခဲ့ပါတယ်။ ဒီလိုမျိုးမဖြစ်လာခဲ့ရင်တောင် ပရိသတ်တွေရဲ့အားပေးကူညီမှုနဲ့ ချစ်ခင်မှုတွေကို ကျွန်တော့်ရဲ့ကမ္ဘာကြီးတစ်ခုအဖြစ် ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့အတူ စိတ်လှုပ်ရှားစရာမှော်ဝင်ညတွေကို အမြဲတမ်းအမှတ်တရရှိနေပါလိမ့်မယ်။
ကျွန်တော့်ရဲ့ဒုတိယမြောက်မိသားစုဖြစ်တဲ့ အသင်းဖော်တွေကိုလည်း ကျွန်တော်တို့အတူတူ ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲတိုင်းအတွက်၊ ရယ်မောပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တိုင်းအတွက် ကျေးဇူးတင်ရှိပါတယ်။ ဒီလူတွေက ကျွန်တော့်ရဲ့ညီအစ်ကိုတွေပါပဲ။ ဒီကလပ်အသင်းအတွက်ကစားပေးရင်း ဒီမြို့ကြီးမှာဖြတ်သန်းခဲ့ရတဲ့အခိုက်အတန့်တွေက ဂုဏ်ယူစရာအတိ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ပါရီမြို့ကြီးရေ”လို့ ဖော်ပြခဲ့ပါတယ်။
ဒွန်နာရမ်မာရဲ့အခုလိုအံ့အားသင့်ဖွယ်ထွက်ခွာမှုနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ မာကွင်ဟို့စ်က မှတ်ချက်ပေးပြောကြားလာခဲ့ပါတယ်။ ပီအက်စ်ဂျီကပ္ပတိန်က “ ဒီလိုခက်ခဲတဲ့အခြေအနေမျိုးကို အမြဲတမ်းလိုလိုကြုံတွေ့ခဲ့ဖူးပါတယ်။ ကလပ်အသင်းမှာ ၁၂ နှစ်၊ ၁၃ နှစ်လောက်ရှိနေခဲ့ချိန်အတွင်း ဒီလိုအခြေအနေမျိုးနဲ့အတူ ထွက်ခွာသွားတဲ့ အခြားအသင်းဖော်တွေကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ်။ ဘောလုံးရာသီကုန်ဆုံးချိန်တိုင်း အဓိကကစားသမားတွေ ထွက်ခွာကြပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ဘဝ၊ ဘောလုံးလောကပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့လုပ်နိုင်တဲ့အရာကတော့ နောက်ဆုံးအချိန်အထိ အစွမ်းကုန်ပေးဆပ်သွားဖို့ပါပဲ။ ကျွန်တော်လည်း မကြာခင်ထွက်သွားရပါလိမ့်မယ်။ ဖြစ်နိုင်သမျှအကောင်းဆုံးပုံစံနဲ့ပဲ လမ်းခွဲသွားဖို့ မျှော်လင့်ထားပါတယ်။ ကစားသမားတွေဆိုတာ အဝင်အထွက်တွေရှိပေမယ့် ကလပ်အသင်းကတော့ အမြဲတမ်းရှိနေပါလိမ့်မယ်။
ဒီကလပ်အသင်းသမိုင်းမှတ်တမ်းမှာတော့ ဒွန်နာရမ်မာရှိနေခဲ့ပါပြီ။ ဒီအတွက် အရမ်းဂုဏ်ယူမိပါတယ်။ သူ့ကိုလည်း ကျွန်တော့်ရဲ့နှလုံးသားထဲမှ အထူးကျေးဇူးတင်မိပါတယ်။ သူသာ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့က သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုသွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သာမန်ထက်ထူးကဲတဲ့ဘောလုံးရာသီတစ်ခု ရှိထားခဲ့လို့ပါ။ သူထွက်ခွာမယ်ဆိုရင်လည်း ကျွန်တော်တို့က ကျေးဇူးတင်သွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒွန်နာရမ်မာဆိုတာ သူငယ်ချင်းကောင်းတစ်ဦး၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်နေလို့ပါပဲ”လို့ ပြောပါတယ်။