The network connection is lost.

Banner Image

မူစီယာလာဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် တုံ့ပြန်လာတဲ့ ဒွန်မာရမ်မာ

စနေနေ့မှာ ကျင်းပခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။ ဒါပေမဲ့ ဒီပွဲစဉ်ကို ဘိုင်ယန်မြူးနစ်ကွင်းလယ်တိုက်စစ်ကစားသမားမူစီယာလာ ပြင်းထန်ဒဏ်ရာရရှိသွားမှုက လွှမ်းမိုးသွားခဲ့ပါတယ်။ ဒွန်နာရမ်မာနဲ့ မတော်တဆထိခိုက်ပြီးနောက် ဂျာမန်သားရဲ့ဘယ်ခြေကျင်းဝတ် လည်ထွက်သွားကာ လူနာတင်ထမ်းစင်ဖြင့် ကွင်းတွင်းမှထွက်ခွာသွားရပါတယ်။

ပွဲစဉ်အပြီး အခုလိုစိတ်မကောင်းစရာဖြစ်ရပ်နဲ့ပတ်သက်လို့ ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာက “ ဖြစ်စဉ်အတွက် ကျွန်တော် အရမ်းတုန်လှုပ်မိပါတယ်။ မူစီယာလာဒဏ်ရာရရှိသွားအောင်လုပ်သွားလိုတဲ့ ရည်ရွယ်ချက်မျိုး ကျွန်တော့်မှာ လုံးဝမရှိပါဘူး” လို့ သတင်းမီဒီယာအင်တာဗျူးတစ်ခုမှာ ရှင်းပြသွားပါတယ်။ ဆက်လက်ပြီး ဒွန်နာရမ်မာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာကလည်း မူစီယာလာဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့ အခြေအနေကိုရှင်းလင်းတင်ပြသွားဖို့ ထွက်ပေါ်လာခဲ့ပါတယ်။

“ ဒီအခိုက်အတန့်က တစ်စက္ကန့်ရဲ့ဆယ်ပုံတစ်ပုံလောက်အတွင်းမှာပဲ ပြစ်ဒဏ်ဘော(သို့) ပယ်နယ်တီအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒွန်နာရမ်မာက ဘောလုံးဆီ ဦးဆုံးရောက်ရှိပြီး ထိတွေ့မှုကို ရှောင်လွှဲနိုင်ဖို့ မစွမ်းသာခဲ့ပါဘူး။ ဒါကို မူစီယာလာဒဏ်ရာရရှိအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆနေတာ မမျှတပါဘူး။ ကျွန်တော်တို့တွေလည်း မူစီယာလာ အမြန်ဆုံးသက်သာလာပြီး အရင်ထက်ပိုသန်မာတဲ့ ပုံစံမျိုးနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒွန်နာရမ်မာက အလွန်စိတ်ထိခိုက်လွယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက မူစီယာလာဆီ ဆေးဝန်ထမ်းတွေ ချက်ချင်းရောက်ရှိလာအောင် ဖြစ်စဉ်ပေါ်ပေါက်ရာနေရာမှ ချက်ချင်းဆိုသလို ဆုတ်ခွာပေးခဲ့ပါတယ်။ အဝတ်လဲခန်းမှာလည်း ဒွန်နာရမ်မာက သူ့ရဲ့ဖုန်းကို ဖွင့်ထားခဲ့ပါတယ်။ ဒါက သူ့အတွက် ပုံမှန်မဟုတ်ပါဘူး။ သာမန်အားဖြင့် ဒွန်နာရမ်မာက ပွဲစဉ်မတိုင်ခင် တစ်နာရီအလိုမှာ ဖုန်းကိုပိတ်လိုက်ပြီး ပွဲစဉ်အပြီးမှသာ ပြန်ဖွင့်ထားလေ့ရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူက အရမ်းတုန်လှုပ်ရပြီး မရည်ရွယ်ထားတဲ့ဖြစ်ရပ်ပါလို့ ကျွန်တော့်ဆီ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်”လို့ ရွိုင်းအိုလာက ပြောကြားပါတယ်။ လက်ရှိမှာတော့ မူစီယာလာက ဒဏ်ရာခွဲစိတ်ကုသမှုခံယူဖို့ မြူးနစ်မြို့ဆီ ပြန်လည်ရောက်ရှိသွားပါပြီ။