ဘာပေနေရာအတွက် ယူနိုက်တက်စတားတစ်ဦးကို ပစ်မှတ်ထားလာတဲ့ ပီအက်စ်ဂျီ
သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဘာပေနေရာအတွက် ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ပြင်သစ်သတင်းဌာန L’Equipe ရဲ့အဆိုအရ ပီအက်စ်ဂျီဟာ အခုနွေရာသီမှာ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ ဖာနန်ဒက်စ်ဟာ ၂၀၂၀ တုန်းက စပို့တင်းအသင်းထံကနေ ယူနိုက်တက်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ကတည်းက အဓိက ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ယူနိုက်တက်က ရုန်းကန်ခဲ့ရပေမယ့် ဖာနန်ဒက်စ်ကတော့ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ်တူဂီသားဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး ဘိုင်ယန်နဲ့ အယ်လ်နာဆာတို့ကလည်း ချိတ်ဆက်နေပါတယ်။
အခုလအစောပိုင်းတုန်းကလည်း ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ဆော်ဒီကလပ်တွေနဲ့ဆွေးနွေးဖို့ မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေက ဆိုပါတယ်။ ၂၀၂၁ တုန်းက ပီအက်စ်ဂျီနည်းပြ တူချယ်တစ်ယောက် ဖာနန်ဒက်စ်ကို ချီးကျူးခဲ့ပြီး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့သေးတာဖြစ်ပါတယ်။
“ကျွန်တော် ပီအက်စ်ဂျီမှာ ပေါ်တူဂီလူမျိုးအားကစားဒါရိုက်တာ ဟင်းနရစ်နဲ့ပထမဆုံး တွေ့ဆုံတော့ ဖာနန်ဒက်စ်အကြောင်းပြောဖြစ်ပါတယ်။ သူက ဖာနန်ဒက်စ်ကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ကြားမှာ သူ့ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အသေးစိတ်တွေကအစလုပ်ဆောင်ပြီး သူကစားခဲ့တဲ့ပွဲတွေကို စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ ခေါ်ယူဖို့လည်း လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ သူက ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာလည်း ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကနေ ထွက်ခွာဖွယ်မရှိပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ လူအင်အားကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ လိုချင်တဲ့တန်ကြေးမျိုးရရင် ယူနိုက်တက်တာဝန်ရှိသူတွေဟာ ပေါ်တူဂီသားကို လက်လွှတ်ဖို့များနေပါတယ်။