The network connection is lost.

Banner Image

ကမ္ဘာ့အကောင်းဆုံးလူစာရင်းရှိနေပြီလို့ ကြွေးကြော်လိုက်တဲ့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်

အက်စတွန်ဗီလာကို နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ တက်ရောက်လာပြီးနောက် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က သူ့အသင်းလူစာရင်းကို ကမ္ဘာ့အကောင်းဆုံးလူစာရင်းစုဖွဲ့မှုတစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဥရောပထိပ်တန်းပြိုင်ပွဲကြီးမှာ ဗိုလ်မစွဲဖူးတဲ့ ပြင်သစ်အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ အာဆင်နယ်(သို့မဟုတ်)ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။

ဒီနေ့မနက်ပိုင်းချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ သူတို့တွေက အက်စတွန်ဗီလာကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပေမယ့် ဂိုးသမားဒွန်နာရမ်မာရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း အံ့အားသင့်စရာလက်စွမ်းပြမှုတွေနဲ့အတူ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးစီသရေရလဒ်အထိ မရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

 Amazon Prime TV နဲ့တွေ့ဆုံချိန် လူးဝစ်အင်းနရစ်က “ ကျွန်တော်မှာ ကမ္ဘာ့အကောင်းဆုံးလူစာရင်းစုဖွဲ့မှု ရှိနေပြီလို့ ထင်ပါတယ်။ ဂိုးသမားနေရာတင်မက နေရာစုံမှာပါ။ ပီအက်စ်ဂျီလိုအသင်းကိုကိုင်တွယ်ရချိန်မှာ အရည်အသွေးအပြည့်ရှိတဲ့ကစားသမားကောင်းတွေကို ဦးဆောင်ရပါတယ်။ နှစ်ကျော့စလုံးမှာ ကျွန်တော်တို့က အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က အသင်းပရိသတ်တွေကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ နောက်တစ်ကြိမ်ပို့ဆောင်ပေးနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ပီအက်စ်ဂျီနည်းပြက ပထမပိုင်းပွဲချိန်နာရီဝက်မပြည့်ခင်မှာတင် နှစ်ဂိုးပြတ်ရှုံးနိမ့်နေမှုကို နောက်မှလိုက်ကစားပြီး သုံးဂိုးအထိသွင်းယူခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့အရည်အသွေးနဲ့ စိတ်ဓါတ်ပြင်းထန်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သူက “ ကျွန်တော်တို့ ပွဲစဉ်ကို အကောင်းဆုံးနည်းလမ်းနဲ့စတင်ခဲ့ပြီး နေရာလွတ်တွေကို အကျိုးရှိရှိအသုံးချကာ အံ့ဖွယ်သွင်းဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။  ဒါက ချန်ပီယံလိဂ်ဆိုတာ ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ ပြိုင်ဘက်အသင်းမှာ အရည်အသွေးအပြည့်ရှိတယ်ဆိုတာ လက်ခံထားရပါမယ်။ အက်စတွန်ဗီလာက ဒုတိယပိုင်းပွဲချိန်တွေမှာ စိတ်ဓါတ်ပိုင်းအားကောင်းကောင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ သူတို့တွေက ပထမအကျော့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့သလို အခုပွဲစဉ်ရဲ့ပထမပိုင်းပြီးဆုံးချိန်မှာလည်း အရေးနိမ့်နေလို့ သူတို့အတွက် ဆုံးရှုံးနိုင်စရာ ဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။