The network connection is lost.

Banner Image

ဆုဖလားနဲ့ပတ်သက်တဲ့ ရှေးယခင်မှတ်ချက်စကားကို အခိုင်အမာစွဲကိုင်ထားဆဲဖြစ်တဲ့ ပိုစတီကိုဂလူ

ယူရိုပါလိဂ်ဆုဖလားခရီးလမ်းအတွက် ကုန်းတက်တစ်ခုကို တော့တင်ဟမ်တို့ ခက်ခက်ခဲခဲကျော်ဖြတ်ရဖို့ ရှိနေချိန်မှာပဲ ပိုစတီကိုဂလူက ဆုဖလားတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ရှေးယခင်မှတ်ချက်စကားကို ပြတ်ပြတ်သားသားကိုင်စွဲထားလျက်ရှိပါတယ်။

တော့တင်ဟမ်က အခုဘောလုံးရာသီမှာ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲနှစ်ခုမှ ထွက်ခွာခဲ့ရပြီးဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ ၃၆ မှတ်အထိ ကွာဟနေပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကသာ သူတို့အတွက် အခုဘောလုံးရာသီ၊ တစ်ခုတည်းသောဆုဖလားမျှော်လင့်ချက် ဖြစ်လာပါတယ်။ သူတို့တွေက ၂၀၀၈ ခုနှစ်၊ လိဂ်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံပြီးနောက် ယနေ့အချိန်အထိ ဆုဖလားလက်မဲ့ဘဝဖြင့် အချိန်ကာလကြာမြင့်စွာ ဖြတ်သန်းခဲ့ရပါတယ်။

ဘရစ္စဘိန်းရိုအာ၊ ယိုကိုဟားမား၊ ဆဲလ်တစ်တို့နဲ့အတူ ဒုတိယမြောက်ဘောလုံးရာသီတွေမှာ ဆုဖလားကိုင်မြှောက်ခဲ့ဖူးတဲ့ ပိုစတီကိုဂလူအတွက် တော့တင်ဟမ်ကိုလည်း အလားတူလုပ်ဆောင်ပေးနိုင်မလားဆိုတဲ့ စမ်းသပ်မှုတွေ ရှိထားခဲ့ပြီးပါပြီ။ ဒီလမ်းကြောင်းကို ဆက်ထိန်းထားချင်တယ်ဆိုရင်တော့ ယူရိုပါလိဂ်နောက်ဆုံး ၁၆ သင်းရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ အယ်လ်ခမာကို ဖြတ်ကျော်နိုင်ဖို့ ဦးဆုံးလုပ်ဆောင်သွားရပါလိမ့်မယ်။ တော့တင်ဟမ်က နယ်သာလန်မြေ ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် ပိုစတီကိုဂလူဆီ သူ့ရဲ့ဆုဖလားတွေနဲ့ပတ်သက်တဲ့ ရှေးယခင်မှတ်ချက်စကားပြောင်းလဲသွားခြင်း ရှိ၊မရှိ မေးမြန်းလာမှုကို သြစတြေးလျသားက ဒါဟာ ရဲရင့်တဲ့ဟောကိန်းထုတ်မှုမဟုတ်ဘဲ သူ့ရဲ့အတိတ်ကာလအောင်မြင်မှုတွေကို ရည်ညွှန်းပြောဆိုခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပိုစတီကိုဂလူက “ ကျွန်တော် ဘာတစ်ခုမှ မလုပ်လိုက်ပါဘူး။ မေးခွန်းတစ်ခုကို ပြန်ဖြေပေးလိုက်တာပဲ ဖြစ်ပါတယ်။ လူတွေကတော့ သူတို့ရဲ့ယူဆချက်အတိုင်း ထင်မြင်လိုက်တာပါပဲ။ ကျွန်တော်က ရဲရဲရင့်ရင့်ကြွေးကြော်လိုက်တယ်ဆိုပြီးတော့ပေါ့။ ဒီနှစ်မဖြစ်လာဘူးဆိုရင်လည်း နောက်နှစ်ကျဖြစ်လာမလားဆိုတာ ကျွန်တော် မပြောနိုင်သေးပါဘူး”လို့ ဆိုပါတယ်။

လာမယ့်ပွဲစဉ်အတွက် အရေးပါမှုတွေ ရှိနေပေမယ့် ပိုစတီကိုဂလူမှာတော့ ဖိအားအပိုတွေမရှိဘဲ သူ့အသင်းရဲ့အရာရာတိုင်းအပေါ်ပြောင်းလဲနိုင်စွမ်းကို ယုံကြည်နေဆဲဖြစ်ပါတယ်။ ပိုစတီကိုဂလူက “ မရှိပါဘူး၊ အပိုဖိအားတွေ မရှိပါဘူး။ ပထမအကျော့စွမ်းဆောင်ရည်ပိုင်းအတွက် ကျွန်တော်တို့ စိတ်ပျက်နေခဲ့တယ်ဆိုတာ သိသာပါတယ်။ အရေးအကြီးဆုံးအရာကတော့ ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် မလုပ်မိစေဖို့ပါပဲ။ အခုရလဒ်ပိုင်းက အရမ်းကျဉ်းမြောင်းနေဆဲပါပဲ။

ပြိုင်ဘက်မှာ သွင်းဂိုးအားဖြင့် အားသာချက်ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အိမ်ကွင်းမှာ ပြန်ကစားရမှာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေတုန်းကလို [ဘုန်းမောက်ကို နောက်မှလိုက်ကစားကာ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်] လေးနက်မှုအပြည့်၊ အရှိန်အဟုန်အပြည့်နဲ့သာကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ဆင့်တက်သွားနိုင်မယ်ဆိုရင်လည်း နောက်ထပ်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်သွားရမှာပါ။ အဓိကအာရုံစိုက်ထားတဲ့ကိစ္စကတော့ မနက်ဖြန်ပွဲစဉ်မှာ ခိုင်မာအားကောင်းတဲ့စွမ်းဆောင်ရည်တစ်ခု ချပြနိုင်ဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

တော့တင်ဟမ်အသင်းကို အောင်မြင်မှုတွေဆီ ခေါ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပိုစတီကိုဂလူအတွက် အယ်လ်ခမာကို ဧည့်ခံကစားရမယ့်ပွဲစဉ်က သူ့အသင်းရဲ့စိတ်ဓါတ်နဲ့ အရည်အသွေးအပေါ် စစ်မှန်တဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီပွဲစဉ်မှာသာ အနိုင်ရရှိမယ်ဆိုရင် ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ဖို့ရှိပြီး ဆုဖလားမိုးခေါင်မှုအဆုံးသတ်နိုင်ဖို့ ခြေတစ်လှမ်းနီးစပ်လာပါလိမ့်မယ်။ ဒါပေမယ့် ထင်သလိုမဖြစ်လာဘူးဆိုရင်တော့ ဆုဖလားအောင်မြင်မှုငတ်မွတ်နေတဲ့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုနဲ့အတူ အသင်းအတွက် နောက်ထပ်စိတ်ပျက်စရာဥရောပဘောလုံးရာသီတစ်ခု ဖြစ်သွားပါလိမ့်မယ်။