ရန်မင်ဟော့ကို ခေါ်ယူလိုက်တဲ့ တော့တင်ဟမ်ရဲ့အနာဂတ်တည်ဆောက်မှုအပေါ် သဘောကျနေတဲ့ ပိုစတီကိုဂလူ
အသစ်ခေါ်ယူထားတဲ့ ရန်မင်ဟော့နှင့် ပတ်သက်ပြီး နည်းပြ ပိုစတီကိုဂလူက တော့တင်ဟမ်ရဲ့လူသစ်စုဆောင်းရေးအဖွဲ့ကို ချီးကျူးစကား ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်ဟာ အသက် ၁၈ နှစ်အရွယ် တောင်ကိုရီးယားတောင်ပံကစားသမားကို ဂန်ဝန်ကနေ ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အသင်းရဲ့လူစားသို့ မရောက်ရှိမီ လက်ရှိကလပ်မှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
ပေါင် ၃.၅ သန်းသာ ပေးချေခဲ့ရတဲ့ ရန်ဟာ ဆွန်ဟောင်မင်ပြီးနောက် တော့တင်ဟမ်ရဲ့ ဒုတိယမြောက် တောင်ကိုရီးယားကစားသမားဖြစ်လာမှာပါ။ ရန်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့အပေါ် တော့တင်ဟမ်နည်းပြက အရမ်းသဘောကျကြောင်း ရာသီကြိုအတွက် ကေလိဂ်အသင်းနှင့် ကစားမယ့်ပွဲမတိုင်မီ ဆိုးလ်တွင် ပြောကြားခဲ့ပါတယ်။
"ကလပ်ရဲ့ကစားသမားအဖြစ် သူ့ကိုခေါ်ယူနိုင်တဲ့အပေါ် သဘောကျမိပါတယ်။ ငယ်ရွယ်ပြီး ပါရမီရှီတဲ့ ကစားသမားဖြစ်ပြီး ကျွန်တော်တို့က လက်ရှိအတွက်သာမဟုတ်ဘဲ အနာဂတ်အတွက်ပါ အမြဲလိုလိုကြည့်ပြီး လုပ်ဆောင်တာပါ" "သူက ကြီးမားတဲ့အလားအလာကိုပြသခဲ့ပြီး လက်ရှိကလပ်နေ အပြီးသတ်ထွက်လာတဲ့အချိန်မှာတော့ သူ့ကိုကလပ်ကနေ စောင့်ကြိုနေမှာပါ" လို့ နည်းပြ ပိုစတီကိုဂလူက ပြောကြားထားပါတယ်။ ဒီမှာလုပ်ခဲ့တဲ့ တော့တင်ဟမ်နှင့်အင်တာဗျူးမှာ ရန်က "ပထမဆုံးအနေနဲ့ ဒီလိုအသင်းကြီးထံ ပြောင်းရွှေ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အကောင်းဆုံးကြိုးစားသွားမှာပါ"
"ကျွန်တော်က ငယ်ရွယ်တယ်လို့ မထင်မိပါဘူး။ ကျွန်တော့်ရဲ့အိပ်မက်တွေနဲ့ နီးကပ်လာပါပြီ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ကျွန်တော့်အရည်အသွေးကို သက်သေပြနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်" "တော့တင်ဟမ်လို အသင်းကြီးထံပြောင်းရတာက ကလပ်ကလည်း ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အပေါ် အသိအမှတ်ပြုတာပါပဲ။ ကျွန်တော်အကောင်းဆုံးလုပ်မယ် ကြိုးစားမယ် ဆိုရင် အလိုလိုသက်သေပြပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်" "လန်ဒန်သို့သွားတဲ့အခါ အသားကျဖို့က အရမ်းအရေးကြီးပါတယ်။ အဲ့ဒီမှာ ဆွန်နီလည်းရှိသလို ကျွန်တော်တို့နှစ်ဦးစလုံးက ကိုရီးယားသားတွေဖြစ်တာကြောင့် အသားကျဖို့အတွက် ကြီးမားတဲ့အကူအညီဖြစ်မှာပါ။ သူက တောင်ကိုရီးယားလက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်ပြီး ကျွန်တော့်ရဲ့ဆုံးဖြတ်အချက်မှာ သူက လွှမ်းမိုးမှုရှိပါတယ်" လို့ ပြောထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ခြေစမ်းပွဲမှာ ဝါနာနှင့် ဘန်ဒေးဗီစ်တို့ မကစားနိုင်မှာကို ပိုစတီကိုဂလူက စိုးရိမ်နေကာ သူတို့နှစ်ဦးစလုံးက ကစားနိုင်တယ်လို့တော့ ပြောကြားထားပါတယ်။ ဒဏ်ရာရရှိပြီးနောက် အူဒိုဂီကလည်း လေ့ကျင့်ခန်းပြန်ဆင်းနေကြောင်း ထပ်လောင်းပြောကြားထားပါသေးတယ်။