
ယူနိုက်တက်မှာ ဆက်နေမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ကတ်စ်မဲရိုး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးက အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဓိကနေရာကနေ ကူညီပံ့ပိုးနိုင်ခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမားဘဝ ရှေ့ဆက်သွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် ဒီရာသီမှာတော့ မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ ယူနိုက်တက်ကို အကူအညီပေးထားနိုင်တာဖြစ်ပါတယ်။ ယခုနှစ်ရာသီဟာ ယူနိုက်တက်အတွက် စိတ်ပျက်စရာ ရာသီတစ်ခုဖြစ်ပေမယ့် ကတ်စ်မဲရိုးကတော့ တတ်နိုင်သလောက် ခြေစွမ်းပြနေပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပို့ပေးထားနိုင်ပါတယ်။
ယခုအခါမှာ ဘရာဇီးသားက သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပျော်ရွှင်နေကြောင်းနဲ့ နောက်ရာသီမှာလည်း နည်းပြရူဘင်အာမိုရင်နဲ့အတူ ဆက်လက် လက်တွဲသွားဖွယ်ရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ကတ်စ်မဲရိုးက “ကျွန်တော် အောင်မြင်မှုရခဲ့တာတွေရှိပေမယ့် ထပ်ပြီးအောင်မြင်ချင်နေတုန်းပါ။ ဒါက ကျွန်တော့်ရဲ့အနိုင်ရလိုစိတ် ပြင်းထန်မှုပါပဲ”
“ကျွန်တော်က ဘောလုံးမကန်ရတဲ့နေ့တွေမှာတောင် စိတ်ထဲမှာ ဘောလုံးပဲရှိနေတဲ့သူပါ။ ယူနိုက်တက်အတွက် မကစားရတဲ့နေ့တွေမှာလည်း အသင်းကို အနိုင်ရစေချင်ပါတယ်။ ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ အပြည့်အဝကူညီပေးဖို့ စိတ်အားထက်သန်ပါတယ်။ ဒါကြောင့် အခုလို အောင်မြင်တဲ့ကစားသမားအဖြစ် ရပ်တည်နေတာပါ” လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာ ကတ်စ်မဲရိုးဟာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အစဉ်အလာပြိုင်ဘက် တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။