The network connection is lost.

Banner Image

ဒဏ်ရာပြဿနာတွေအကြား တော့တင်ဟမ်ရဲ့ပြိုလဲကျမှုကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ပိုစတီကိုဂလူ

ပုံစံကောင်းပျောက်ဆုံးနေခဲ့ပြီးနောက် ကျဆင်းမှုတစ်ခုနဲ့ ရင်ဆိုင်ရတယ်ဆိုတာ ယုတ္တိရှိပါတယ်လို့ ပြောဆိုရင်း ပိုစတီကိုဂလူက သူ့ရဲ့တော့တင်ဟမ်ကစားသမားတွေအပေါ် ကာကွယ်ပေးသွားခဲ့ပါတယ်။ ပိုစတီကိုဂလူရဲ့အသင်းက Boxing Day ပွဲစဉ်အဖြစ် အခုရာသီ အမြင့်ပျံနေတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ တော့တင်ဟမ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရပ်တည်နေခဲ့ပြီး TOP 4 နဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

တော့တင်ဟမ်က မန်စီးတီးကို နှစ်ပွဲဆက်အနိုင်ယူခဲ့ပေမယ့် အစ်ဆွစ်၊ ဘုန်းမောက်တို့နဲ့ရင်ဆိုင်ရချိန်မှာ ရမှတ်တွေ လျှော့ကျခဲ့ပါတယ်။  ဒီလိုမတည်ငြိမ်မှုတွေက အခုဘောလုံးရာသီ၊ တော့တင်ဟမ်အသင်းရဲ့ တိုးတက်မှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် လတ်တလောကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာတွေကလည်း ပိုစတီကိုဂလူအတွက် အကူအညီမဖြစ်စေခဲ့ပါဘူး။ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာလည်း ဗဟိုခံစစ်မှူးအဖြစ် တာဝန်ယူကစားပေးနေတဲ့ ဒရာဂူဆင် ဒဏ်ရာရရှိသွားလို့ ဘစ်ဆူးမားနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

ဒါ့အပြင် နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရတဲ့ နောက်ခံလူစပန့်ခ်ကလည်း Boxing Day မှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ ဝုဗ်နဲ့ပွဲစဉ်ကို လွဲချော်သွားရပါလိမ့်မယ်။ ပိုစတီကိုဂလူက “ ကျွန်တော်တို့တွေက ကစားသမားအများစုဆီမှ အများကြီး တောင်းဆိုခဲ့ရပါတယ်။ ဒီကောင်လေးတွေက အသင်းအတွက် သုံးရက်တစ်ပွဲနှုန်းကစားပေးနေရပါတယ်။

ဒါကြောင့် သူတို့တွေ ထင်သလောက်မကစားနိုင်တော့တာ ယုတ္တိရှိပါတယ်။ ဒါပေမယ့် သူတို့တွေ ကြိုးစားကစားပေးနေပါတယ်။ ရှုံးနိမ့်မှုဆိုတာ စိတ်ပျက်စရာပါပဲ။ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်တဲ့ပွဲစဉ်မျိုးမှာ အခုလိုရလဒ်မျိုး မဖြစ်လာသင့်ပါဘူး။

ကျွန်တော်တို့လည်း တက်နိုင်သလောက် အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဖောရက်စ်ကလည်း အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဒါကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ကောင်းမွန်တဲ့အခိုက်အတန့်အချို့ကို ဖန်တီးနိုင်ခဲ့တယ်လို့ ကျွန်တော် တွေးမိနေတုန်းပါပဲ။ ဒီလိုအခြေအနေတွေမှတဆင့် အကျိုးအမြတ်တွေရရှိလာအောင် ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပြိုင်ဘက်ဂိုးသမားကလည်း ကောင်းမွန်တဲ့ဂိုးပေါက်ကာကွယ်မှုအချို့နဲ့အတူ သူတို့အသင်းကို ပြိုင်ပွဲထဲမှာ ဆက်ရှိနေစေဖို့ လုပ်ဆောင်သွားခဲ့ပါတယ်။ သူတို့အသင်းခံစစ်ပွင့်ထွက်သွားအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့အတွက် သွင်းဂိုးတစ်ဂိုးလောက်ပဲ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လုပ်နိုင်ခဲ့ပုံမရပါဘူး။

ကောင်လေးတွေက အရာရာတိုင်းကို ပေးဆပ်ကစားနေတာပါ။ ဒီထက်ပိုပြီးတော့လည်း မတောင်းဆိုနိုင်တော့ပါဘူး။ ကျွန်တော်တို့တွေ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားခဲ့ပေမယ့် ဒီနေ့မှာတော့ ထိပ်ဆုံးအဆင့်ကို ကျော်လွန်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။