The network connection is lost.

Banner Image

လီဗာပူးအသင်းအား guard of honour လုပ်ပေးမည်ဟု အာတီတာ အတည်ပြု

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းမှာ ကစားမယ့်ပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းကို guard of honour လုပ်ပေးမှာဖြစ်တယ်လို့ နည်းပြ အာတီတာက အတည်ပြုပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်မှာ အာတီတာက လီဗာပူးအသင်းရဲ့ အကောင်းဆုံးရာသီဖြစ်ခဲ့တာကိုလည်း အသိအမှတ်ပြုခဲ့ပြီး နည်းပြ အန်းစလော့နဲ့ နည်းပြအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။ ပွဲမစတင်ခင်မှာ ပြုလုပ်ပေးရမယ့် ဂုဏ်ပြုမှုမှာ အသင်းက ပါဝင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အာတီတာက"သူတို့က ထိုက်တန်ပါတယ်။ သူတို့က အကောင်းဆုံးအသင်းဖြစ်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသခဲ့ပါတယ်။ အန်းစလော့ နဲ့ နည်းပြအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲ။ အရမ်းကောင်းပါတယ်။ သူတို့က အဲဒီလိုဖြစ်ထိုက်ပါတယ်။ ဒါက အားကစားပါပဲ။ တစ်ယောက်ယောက်က ပိုကောင်းနေရင် လက်ခုပ်တီးပြီး လက်ခံရမှာဖြစ်သလို အဲဒီအဆင့်ကိုရောက်အောင် ကြိုးစားရမှာပါ"လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးမီနှစ်တွေအတွင်းမှာ လီဗာပူးအသင်းကို guard of honour လုပ်ပေးခဲ့တာ ဒါဒုတိယအကြိမ်ဖြစ်ပါတယ်။ ၂၀၁၉/၂၀ ရာသီတုန်းကလည်း လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားရရှိခဲ့ချိန်မှာ guard of honour လုပ်ပေးခဲ့ပါတယ်။ အာတီတာက ဒီလိုဂုဏ်ပြုတာဟာ သူ့ရဲ့ကစားသမားတွေကို လှုံ့ဆော်မှုဖြစ်စေပြီး တစ်နေ့မှာ လီဗာပူးအသင်းလိုမျိုးဖြစ်လာဖို့ တွန်းအားပေးနိုင်တယ်လို့လည်း ပြောပါတယ်။ 

"ဟုတ်ပါတယ်၊ ဒါက သင့်ကို ဦးတည်ချက်တစ်ခုခုထားရှိစေပြီး လှုံ့ဆော်မှုတွေပေးပါတယ်။ တစ်ခါတလေမှာ သင်မလုပ်ချင်တဲ့အရာတစ်ခုကိုလုပ်ဖို့အတွက် နာကျင်မှုကအကောင်းဆုံးပါပဲ။ ဒါက နောက်ရာသီအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ပါတယ်" လို့ အာတီတာက ဆက်ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲစဉ်သုံးပွဲသာကျန်ရှိချိန် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာရှိနေတာဖြစ်ပါတယ်။