
အန်ဇိုဖာနန်ဒက်ဇ်နှင့် ကိုင်စီဒိုတို့ရဲ့ အခြေအနေကို ပြောကြားလိုက်တဲ့ ပိုချက်တီနို
ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအတွက် ကစားပေးခဲ့သော်လည်း ဘုန်းမောက်နှင့် ပွဲမှာ ပိုချက်တီနိုရဲ့ အသင်းအတွက် ပါဝင်ရန် မျှော်လင့်ထားကြောင်း ကစားသမားက ပြောကြားထားပါတယ်။ သို့သော်လည်း ကိုင်စီဒိုကတော့ ပါဝင်ကစားဖို့ အနည်းငယ်သာ သေချာနေပါတယ်။
ကိုင်စီဒိုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၂၀၀၀ နီးပါးရှိတဲ့ လာပက်ဇ်မြို့မှာ ကစားခဲ့တဲ့ ဘိုလီဗီးယားနှင့်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပါတယ်။ လီဗာပူးကြယ်ပွင့် မက်အက်လစ္စတာဟာဆိုရင် တည်နေရာ အနေအထားကြောင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုကူညီရန်အတွက် အောက်ဆီဂျင်ပြွန်ကို အသုံးပြုနေတဲ့ပုံကို ပွဲမတိုင်မီ ပို့စ်တင်ခဲ့ပါတယ်။ သို့သော်လည်း ပိုချက်တီနိုက အဆိုပါပွဲတွင် ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒက်ဇ်ဟာ စိတ်ဓာတ်ကောင်းမွန်ပြီး ဗီတယ်လ်ကတီအားကစားကွင်း၌ ထိပ်တိုက်တွေ့ဆုံမှုတွင် ပါဝင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
"သူတို့ကို ဒီနေ့မှာတွေ့ခဲ့ပြီး အားလုံးက ကောင်းမွန်နေပါတယ်။ ဘိုလီဗီးယားနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီး သူအဆင်သင့်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ နည်းပြက သတင်းထောက်တွေကို ပြောပါတယ်။
ကိုင်စီဒိုနဲ့ ပတ်သက်တဲ့ သတင်းတွေက ချဲလ်ဆီး နည်းပြထံကနေ အနည်းငယ်သာကြားခဲ့ရပေမယ့် ပိုချက်တီနိုက အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ စနေနေ့မှာ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ကွင်းလယ်ကစားသမားရဲ့ အီကွေဒေါအသင်းဟာ အင်္ဂါနေ့က ဥရုဂွေးအသင်းနှင့် မယှဉ်ပြိုင်မီ အင်ဇိုဖာနန်ဒက်ဇ်ရဲ့ အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
"မွိုက်ဆက်စ်က အန်ဇိုထက် အနည်းငယ်နောက်ကျပါတယ်။ ဒါကြောင့် ကျွန်တော့်တို့က သူ့ကို အကဲဖြတ်ဖို့ လိုသော်လည်း အဆင်သင့်ဖြစ်နေပြီလို့ မျှော်လင့်ပါတယ်" လို့ နည်းပြက ထပ်လောင်းပြောကြားထားပါတယ်။
ကွင်းလယ်တွင် ရိုမီယိုလာဗီယာ ဒဏ်ရာရရှိသွားပြီးနောက် အကြီးအကျယ် စိတ်ပျက်မိကြောင်း ပိုချက်တီနိုက ဝန်ခံခဲ့ပါတယ်။ ယခုနွေရာသီတွင် ဆောက်သမ်တန်မှခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့်ကစားသမားဟာ ကလပ်အတွက် ပွဲဦးထွက်မကစားရသေးဘဲ လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိခဲ့တာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ အနားယူရဖွယ်ရှိနေပါတယ်။
ပိုချက်တီနိုက "သူဟာ တကယ်ကို ကောင်းကောင်းမွန်မွန် လေ့ကျင့်နေတာကြောင့် စိတ်ပျက်မိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ခြေကျင်းဝတ် လိမ်သွားတာကြောင့် တနင်္လာနေ့မှာ ဆရာဝန်ဆီက အကဲဖြတ်မှုကို စောင့်ဆိုင်းနေပါတယ်။ အကဲဖြတ်ဖို့ လိုအပ်နေတာကြောင့် အချိန်ကာလဘယ်လောက်အထိ နားရမလဲဆိုတာကို ကျွန်တော်တို့ မသိပါဘူး" လို့ ပြောပါတယ်။
ချဲလ်ဆီးဟာ ဘုန်းမောက်နဲ့ပွဲအတွက် ဘရိုဂျာနဲ့ ဘက်ဒီယာရှိုင်းတို့လည်း လက်လွှတ်ထားရတာဖြစ်ပါတယ်။ ဘရိုဂျာက ဒီတစ်ပတ်ရွေးချယ်မှုတွင် ရရှိနိုင်ကြောင်း အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်က အကြုံပြောကြားထားပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ အာမန်ဒိုဒူကာက "အာမန်ဒိုဘရိုဂျာဟာ ကုသတဲ့အဆင့်ကို ပြီးမြောက်သွားပါပြီ။ ဒီတစ်ပတ်မှာ ချဲလ်ဆီးနဲ့အတူ အရန်ခုံမှာတွေ့ဖို့ မျှော်လင့်မိပါတယ်။ သူက ကွင်းထဲသို့ ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ ပြောပါတယ်။
သို့သော်လည်း ပိုချက်တီနိုက တိုက်စစ်မှူးဟာ ပြန်လည်ကစားရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။ ဘက်ဒီယာရှိုင်းကလည်း အသင်းနဲ့အတူ ပါဝင်နိုင်မှာမဟုတ်ပါဘူးလို့ ပြောထားပါသေးတယ်။ "အယ်လ်ဘေးနီးယား အက်ဖ်အေက ဘယ်သူလဲ။ နည်းပြလား။ ဥက္ကဋ္ဌလား။ ကျွန်တော် မကြားမိပါဘူး။ မဟုတ်သေးပါဘူး၊ မရသေးပါဘူး၊ ဘက်ဒီယာရှိုင်းလည်း ဘရိုဂျာနဲ့ အခြေအနေအတူတူပါပဲ" လို့ ပိုချက်တီနိုက ပြောပါတယ်။