The network connection is lost.

Banner Image

နယူးကာဆယ်ကို အနိုင်ရပြီးနောက် ချဲလ်ဆီးရဲ့ အိမ်ကွင်းကစားပုံကို ချီးကျူးလိုက်တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုက သူ့ရဲ့အသင်းဟာ ယနေ့နံနက်က နယူးကာဆယ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူတာကြောင့် အသင်းရဲ့ အိမ်ကွင်းကစားပုံကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုပွဲစဉ်မှာ ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ အဆင့် ၁၁ နေရာမှာပဲ ဆက်လက်ရပ်တည်နေမှာဖြစ်သော်လည်း သေချာပေါက်အနိုင်ကစားခဲ့တာကြောင့် နယူးကာဆယ်ကတော့ အဆင့် ၁၀ နေရာကို ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းအတွက် ဂိုးတွေကို နီကိုးလက်စ်ဂျက်ဆန်၊ ကိုးလ်ပယ်မာနဲ့ မူဒရစ်တို့က သွင်းယူပေးနိုင်ခဲ့ပြီး အက်ဒီဟိုဝီရဲ့အသင်းကို ၃-၂ နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာပဲ ဂျက်ဆန်က သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးကာနီးမှာတော့ အီဆက်က နယူးကာဆယ်အတွက် ပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီး အသာစီးနဲ့ကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ နိုင်ပွဲ ရယူခဲ့တာကြောင့် နည်းပြပိုချက်တီနိုအတွက် ဖိအားအတော်အတန်ကျဆင်းသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ယခုနိုင်ပွဲဟာ ဒီရာသီချဲလ်ဆီးအသင်းရဲ့ ၅ ပွဲမြောက်အိမ်ကွင်းနိုင်ပွဲဖြစ်လာခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းဟာ အိမ်ကွင်းပွဲစဉ် ၁၃ ပွဲမှာ ၂၁ မှတ်အထိ ရယူထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ချဲလ်ဆီးဟာ အိမ်ကွင်းမှာလည်းပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပြီး စုစုပေါင်း အိမ်ကွင်း ၁၉ ပွဲမှာ ၂၅ မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုက သူ့ရဲ့အသင်းအနေနဲ့ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာက စိတ်ပျက်စရာဆိုပေမယ့် အိမ်ကွင်းစွမ်းဆောင်ရည်အရတော့ ချီးကျူးရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာ အာဂျင်တီးနားသားက “ဘောလုံးမှာ တစ်ခါတလေကျရင် ပျော်ရွှင်ရပေမယ့် တစ်ခါတလေကျင်ရင်တော့ ခံစားရပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ ကစားသမားကောင်းတွေနဲ့ အံ့မခန်းအသင်းတစ်သင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ တကယ်ကို ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး ဒီပုံစံကိုဆက်ထိန်းထားဖို့ လိုပါတယ်။ ၃ မှတ်ရရှိခဲ့တာက အရေးကြီးဆုံးအချက်ပါပဲ” “တိုက်စစ်ကစားသမားတွေ အနေနဲ့ ၃ ဂိုးအထိသွင်းနိုင်ခဲ့လို့ ယုံကြည်မှုတိုးလာဖို့ရှိပေမယ့် ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာကတော့ စိတ်ပျက်စရာပါ။ ကျွန်တော်တို့ရဲ့ အမှားတွေကနေ ဂိုးတွေပေးခဲ့ရလို့ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပိုပြီးရင့်ကျက်လာမယ်လို့ ထင်ပါတယ်။ ဆက်လက်တွန်းအားပေးထားဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက “ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာတွေကို ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူး။ အဲဒီတုန်းက စတန်းဖို့ဒ်ဘရစ်ချ်ဟာ ကစားသမားတွေ အတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပြီး နိုင်ပွဲတစ်ပွဲရဖို့ အတော်ပဲခက်ခဲခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ကျစ်ကျစ်လစ်လစ်ကစားပုံနဲ့အတူ အိမ်ကွင်းမှာ နိုင်ပွဲတွေ ရနေပါပြီ။ ကျွန်တော်တို့က တစ်စုံတစ်ခုကို ပြောင်းလဲတည်ဆောက်နေပြီး လက်ခံရမှာတွေရှိနေပါတယ်။ ကျွန်တော်တို့ သန်သန်မာမာနဲ့ရှေ့ဆက်သွားနိုင်ဖို့လိုပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် လက်စတာကို စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်လက်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။