
အယ်လ်ကလက်စီကိုရှုံးပွဲမှာ အသင်းရဲ့ခံစစ်ပိုင်းအမှားတွေအတွက် မချိတင်ကဲဖြစ်နေတဲ့ အန်ဆယ်လော့တီ
ဘာစီလိုနာကို နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ပေးဆပ်မှုကြီးမားလှတဲ့ အမှားအယွင်းတွေအတွက် နည်းပြအန်ဆယ်လော့တီ ဝမ်းနည်းပူဆွေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ကတ္တလန်သားတွေက သူတို့ရဲ့ ၂၈ ကြိမ်မြောက်လာလီဂါချန်ပီယံဆုကို ရယူဖို့ နိုင်ပွဲတစ်ပွဲသာ ရှာဖွေသွားရပါတော့မယ်။
သာမန်အားဖြင့် ကွင်းဘေးမှာ တည်တည်ငြိမ်ငြိမ်ရှိနေတက်တဲ့ အီတာလျံနည်းဗျူဟာရှင်က Montjuic Olympic ကွင်းအတွင်း ဘာစီလိုနာရဲ့အဆက်မပြတ်တိုက်စစ်ဆင်မှုနဲ့ ရင်ဆိုင်ရချိန် အသင်းခံစစ်ပိုင်းရုန်းကန်နေရမှုကို မြင်တွေ့ရပြီးနောက် ခေါင်းကိုသာအဆက်မပြတ်ခါရမ်းနေခဲ့ပါတယ်။ အခုပွဲစဉ်မှာ အမ်ဘာပေကိုယ်တိုင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် အားထားရတဲ့ထိပ်တန်းခံစစ်ဗှူးတွေဖြစ်တဲ့ မီလီတာအို၊ ရူဒီဂါ၊ ကာဗာဂျယ်လ်၊ ဖာလန်းမန်ဒီ၊ အလာဘာတို့ ဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့ ရီးရဲလ်မက်ဒရစ်ခံစစ်ပိုင်းက အတော်လေးအားနည်းချိနဲ့ခဲ့ပါတယ်။
မက်ဒရစ်ခံစစ်ပိုင်းက သွင်းဂိုးကိုယ်စီရယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကြယ်ပွင့်လမိုင်းယာမယ်လ်နဲ့ ဘရာဇီးတိုက်စစ်မှူးရာဖင်ဟာတို့ရဲ့အဆက်မပြတ်တိုက်စစ်ဆင်နေမှုကို ထိန်းသိမ်းထားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အန်ဆယ်လော့တီက “ ဂိုးတွေအများကြီးခွင့်ပြုပေးရပြီး သိသာထင်ရှားလှတဲ့ အမှားအယွင်းအချို့ကို ကျွန်တော်တို့ ကျူးလွန်မိခဲ့ပါတယ်။
ထိပ်တန်းပြိုင်ဘက်ကောင်းနဲ့ရင်ဆိုင်ရတဲ့ ပွဲကြီးပွဲကောင်းတွေမှာ ကိုယ်တိုင်လည်း ထိပ်တန်းပုံစံမျိုး ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က တိုက်စစ်ကို အကောင်းဆုံးကစားနိုင်ပေမယ့် ခံစစ်ပိုင်းမှာတော့ သိသာထင်ရှားတဲ့တိုးတက်မှုမျိုးပြသသွားဖို့ လိုအပ်နေသေးတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့၊ မာယော့ကာကို ရီးရဲလ်မက်ဒရစ်အနိုင်မရရှိဘူးဆိုရင် လက်ရှိအမှတ်ပေးဇယားကို ခုနစ်မှတ်ဖြတ်ဦးဆောင်နေတဲ့ ဘာစီလိုနာက လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ် ဘယ်လိုရလဒ်မျိုးပဲ ထွက်ပေါ်လာပါစေ၊ အက်စ်ပန်ညိုနဲ့ ရင်ဆိုင်ရမယ့် ကြာသပတေးနေ့ဒါဘီပွဲစဉ်မှာ နိုင်ပွဲရရှိမယ်ဆိုရင် ကတ္တလန်သားတွေအတွက် ချန်ပီယံဆုကြီး ရောက်ရှိလာပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ်ချန်ပီယံတွေအတွက် ဆုဖလားလက်မဲ့ရာသီတစ်ခုဖြစ်လာနိုင်ခြေအကြောင်း မေးမြန်းချိန်မှာ အန်ဆယ်လော့တီက “ လူတိုင်းလူတိုင်း ကိုယ်လိုချင်တဲ့ပုံစံမျိုးနဲ့ အကဲဖြတ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ လက်ကျန်ပွဲစဉ်သုံးခုကို အနိုင်ရရှိအောင်ကြိုးစားရင်း ဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်သွားရပါမယ်”လို့ ရှင်းပြခဲ့ပါတယ်။