The network connection is lost.

Banner Image

ဘောလုံးရာသီအဆုံးအဖြတ်ကာလမတိုင်ခင် မန်စီးတီးရဲ့ပြိုင်ဘက်တွေကို သတိပေးစကားဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ဘောလုံးရာသီရဲ့အဆုံးအဖြတ်ကာလတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခြင်းအပေါ် အကြိုက်တွေ့နေတယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်မြင်မှုကို ရယူနိုင်ခဲ့ပြီးနောက် မန်စီးတီးမှာ လက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်တွေကို ထိန်းသိမ်းနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်။ သူတို့တွေက လိဂ်ဦးဆောင်သူ လီဗာပူးရဲ့နောက်၊ တစ်မှတ်အကွာမှာ ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နောက်ဆုံး ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

မန်စီးတီးရဲ့ လက်ရှိအာရုံစိုက်မှုကတော့ အက်ဖ်အေဖလားပြိုင်ပွဲအပေါ်မှာပဲ ရှိနေပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက အက်ဖ်အေဖလား ကွာတားဖိုင်နယ်တစ်နေရာစာ ရရှိဖို့ ဒီညမှာ လူတန်နဲ့ ရင်ဆိုင်ကစားရပါမယ်။

လက်ရှိမှာ မန်စီးတီးက ပြိုင်ပွဲစုံ ၁၇ ပွဲဆက် ရှုံးပွဲမရှိ ဖြတ်သန်းနေပြီး ရာသီကုန်အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ဖို့ အရှိန်အဟုန်ကောင်းကောင်းဖြင့် လျှောက်လှမ်းနေပါတယ်။ ဖလားပွဲစဉ်တွေအပြင် မန်စီးတီးက မတ်လအတွင်း အမှတ်ပေးချန်ပီယံဆုပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရဖို့ ရှိသလို မန်ချက်စတာဒါဘီပွဲစဉ်၊ အဝေးကွင်းမှာ ကစားရခက်ခဲလေ့ရှိတဲ့ ဘရိုက်တန်နဲ့ပွဲစဉ်တွေလည်း ယှဉ်ပြိုင်ကစားရပါမယ်။

ပက်ဂွါဒီယိုလာက “လာမယ့်လအတွင်း ပွဲစဉ်တွေက ကျွန်တော်တို့ကို ချန်ပီယံတိုက်ပွဲမှာ ဆက်ရှိနေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဒီကာလတွေက ကျွန်တော်တို့အတွက် ဆုဖလားတွေသိမ်းပိုက်နိုင်ရေး နောက်ထပ်ကာလတစ်ခုကို ရရှိနိုင်ဦးမလားဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ အရာရာတိုင်းကိုတော့ ဆုံးဖြတ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း ဆုဖလားတွေ ဆုံးရှုံးရနိုင်ခြေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သာ နိုင်ပွဲဆက်နေရင် ဘာတွေဖြစ်လာမလဲ? ကျွန်တော်တို့ရဲ့ အတွင်းစိတ်က အဆိုးဆုံးအခြေအနေတွေကို စဉ်းစားနေတာမျိုး မရှိပါဘူး။ တချိန်တည်းမှာပဲ ကိစ္စတွေ ဆိုးရွားလာရင်လည်း ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်ထားနိုင်ဖို့ တွေးထားရပါမယ်။ ဒါတွေကိုသာ ကောင်းကောင်းထိန်းချုပ်နိုင်ရင် အရာရာတိုင်းက အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။ လူတန်နဲ့ပွဲစဉ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေလိုပဲ ဗိုလ်လုပွဲတစ်ခု ဖြစ်ပါတယ်။ ဘောလုံးရာသီရဲ့အရေးအကြီးဆုံး အခိုက်အတန့်တွေက ကျွန်တော်တို့ရဲ့ရှေ့ မလှမ်းမကမ်းမှာ ရောက်ရှိနေပါပြီ။ ဒီအတွက် ကျွန်တော်တို့ ဆက်သွားရပါမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပက်ဂွါဒီယိုလာက လတ်တလောမှာ သူ့ရဲ့ကစားသမားတွေ ဘယ်လောက်အထိ မောပန်းနွမ်းလျနေသလဲဆိုတာ အလေးပေးပြောဆိုခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ အခုလအစောပိုင်းရင်ဆိုင်ရတဲ့ ပွဲစဉ်ဟာ ထုံဆေးမပါဘဲ သွားနှုတ်သလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ပွဲစဉ်တွေဆက်တိုက်ရောက်လာမှုနဲ့အတူ မန်စီးတီးနည်းပြမှာ ကျေနပ်စရာအချို့လည်း ရှိနေပြန်ပါတယ်။

ပက်ဂွါဒီယိုလာက “အမှတ်ပေးဇယားအဆင့်-၁၀ မှာ ရှိနေတာထက်စာရင် အခုလိုပွဲစဉ်တွေ ဆက်တိုက်ကစားရတာ ပိုကောင်းပါတယ်။ ရှုံးနိမ့်လိုက်တာနဲ့ နှုတ်ဆက်လိုက်ရပြီဆိုတာကို သိထားလို့ ပွဲတိုင်းဆက်တိုက်ကစားနေရတာ ပိုကောင်းပါတယ်။ ဒါက ဘယ်လောက်တောင်ခက်ခဲသလဲဆိုတာ သိထားတာကြောင့် ကျွန်တော့်ရဲ့ကစားသမားတွေကိုလည်း ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာပဲ ကျွန်တော်တို့ အခုလိုပွဲစဉ်တွေ ဆက်တိုက်ကစားခဲ့ရတာ မဟုတ်ဘူး။ နောက်ဆုံးငါးရာသီဆက် အဲ့ဒီလိုမျိုး ကစားခဲ့ရတာပါ။ ကစားသမားတွေအပေါ်မှာ စာနာမိပေမယ့် အခုလိုအောင်မြင်မှုမျိုးကို ကျွန်တော်တို့အားလုံး ပြန်ယူပြချင်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။