မန်စီးတီးက အသင်းကောင်းတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ဝန်ခံလာတဲ့ ဂွါဒီယိုလာ
ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၂-၀ နဲ့ဂိုးပြတ်အရေးနိမ့်ကာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ အသင်းကောင်းတွေကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းမရှိတော့ဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
လီဗာပူးအတွက်ဂိုးတွေကို ကိုဒီဂတ်ပိုနဲ့ မိုဟာမက်ဆာလက်တို့က သွင်းယူပေးခဲ့ကြပြီး မန်စီးတီးကို ဂွါဒီယိုလာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက်အရှုံးနဲ့ ကြုံတွေ့စေခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လီဗာပူးပရိသတ်တွေက ဂွါဒီယိုလာကို မန်စီးတီးကနေ ထုတ်ပယ်ခံရသင့်ကြောင်း လှောင်ပြောင်အော်ဟစ်ခဲ့ကြသလို စပိန်သားကလည်း သူရထားတဲ့ ပရီးမီးယားလိဂ်အရေအတွက်အဖြစ် လက် ၆ ချောင်းထောင်ပြပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဂွါဒီယိုလာက “အခြားအသင်းတွေက အရမ်းကောင်းလာပြီး ကျွန်တော်တို့ သူတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ မန်စီးတီးကစားသမားတွေက ကျွန်တော့်ဘဝအတွက် အကောင်းမွန်ဆုံးနှစ်တစ်နှစ်ကို ဖန်တီးပေးထားခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်ဒီမှာ ဆက်နေပြီး အဖြေရှာဖို့ကြိုးစားသွားပါမယ်”
“အန်ဖီးလ်မှာ လီဗာပူးပရိသတ်တွေကို ကျွန်တော့်ကို အထုတ်ခံရမယ်လို့ လှောင်ပြောင်မှာကို မျှော်လင့်မထားခဲ့ပါဘူး။ ကျွန်တော်က အထုတ်ခံရသင့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်ရှိရလဒ်တွေအရဆိုရင်တော့ အထုတ်ခံရသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ်အထိရထားပြီး အခြားဆုဖလားတွေလည်း ယူပေးထားနိုင်လို့ အသင်းမှာ ဆက်ရှိနေတာဖြစ်ပါလိမ့်မယ်”
“အန်ဖီးလ်မှာတော ဒီလိုလှောင်ပြောင်မှုမျိုး မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ဘာမှမဖြစ်ပါဘူး။ ဘောလုံးမှာက ဒီလိုဟာတွေလည်း ရှိနေတာပါပဲ။ ကျွန်တော်တို့အနိုင်ရတဲ့အခါမှာ ကျွန်တော်တို့ ရယ်ပြီး၊ သူတို့အနိုင်ရတဲ့အခါမှာတော့ သူတို့ရယ်ကြမှာပေါ့။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ လီဗာပူးနဲ့ ကျွန်တော်တို့က ယာဂင်ကလော့ပ်လက်ထက်မှာကတည်းက မမေ့နိုင်စရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိထားခဲ့တာပါပဲ။ ဒီရာသီမှာတော့ ကျွန်တော်တို့ သေချာပေါက်အခက်အခဲကြုံတွေ့သွားတော့မှာပါ။ လာမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေနဲ့အတူ အိမ်ကွင်းမှာ အင်အားအပြည့်နဲ့ကစားသွားနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက အသင်းရဲ့အခြေအနေကို ခက်ခဲနေကြောင်း ဝန်ခံခဲ့ပေမယ့် လီဗာပူးနဲ့ပွဲမှာ အီဒါဆန်အစား ပွဲထွက်ခွင့်ရခဲ့တဲ့ ဂိုးသမား အော်တီဂါကတော့ “ဒီပွဲမတိုင်ခင် လူတစ်ယောက်ကကျွန်တော့်ကိုပြောပါတယ်။ လီဗာပူးရဲ့အိမ်ကွင်းမှာ အင်္ဂလန်မှာ အကောင်းဆုံးနေရာမဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့နည်းပြ လီဗာပူးပရိသတ်တွေကို တုံ့ပြန်ခဲ့တဲ့ပုံက တကယ်ပဲကောင်းမွန်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အော်တီဂါဟာ ပင်နယ်တီပြစ်ဒဏ်ဘောကျူးလွန်မိခဲ့ပြီး အဆိုပါပင်နယ်တီကို ဆာလက်က ဝင်အောင်ကန်သွင်းခဲ့ကာ ကြားရက်က ရီးရဲလ်မက်ဒရစ်နဲ့ပွဲအတွင်း ပင်နယ်တီလွဲချော်မှုမှ ပြန်လာနိုင်ခဲ့ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ လီဗာပူးက နယူးကာဆယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးကတော့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။