 
                                                                        ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် အကြီးမားဆုံးနောင်တကို ထုတ်ဖော်ပြောကြားလာတဲ့ ပေါလ်စခိုးလ်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က အိုးလ်ထရက်ဖို့ဒ်မှာနေထိုင်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း အကြီးမားဆုံးနောင်တမှာ နည်းပြဆာအဲလက်စ်ဖာဂူဆန်ထံမှ လစာတိုးတောင်းမိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
၂၀၀၀ ခုနှစ်ယူရိုပြိုင်ပွဲအတွင်း ပေါလ်စခိုးလ်ဟာ အသင်းဖော် ရိုင်ယန်ဂစ်ရဲ့အေးဂျင့်ဖြစ်သူ ဟယ်ရီရဲ့ချိတ်ဆက်မှုနဲ့အတူ များပြားတဲ့လစာပမာဏနဲ့ အီတလီထိပ်သီးကလပ် အင်တာမီလန်သို့ပြောင်းရွှေ့နိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ စခိုးလ်အနေနဲ့ အင်တာမီလန်သို့ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိခဲ့ပေမယ့် လက်ရှိယူနိုက်တက်မှာရရှိနေခဲ့တဲ့လစာကိုတော့ တိုးမြှင့်ပေးဖို့အတွက်ဖာဂူဆန်ထံသွားရောက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းက "အဲဒီတုန်းက ဟယ်ရီကကျွန်တော့်ကိုပြောပါတယ်။ အင်တာမီလန်က ကျွန်တော့်ကို အခွန်ကင်းလွတ်ခွင့်နဲ့ တစ်နှစ်လုပ်ခ ပေါင် ၄ သန်းအထိပေးချင်တယ်တဲ့။ ကျွန်တော် ရာသီကြိုမှာ အသင်းဖော်တွေနဲ့တွေ့တော့ သူတို့က ယူနိုက်တက်မှာပဲဆက်နေပြီး လစာတိုးတောင်းဖို့အတွက် မန်နေဂျာဆီသွားသင့်ကြောင်း အကြံပေးကြပါတယ်။ ကျွန်တော်လည်း လစာတိုးတောင်းဖို့အတွက် ဆာအဲလက်စ်ဆီသွားခဲ့ပါတယ်။
ဒါက ကျွန်တော့်ဘဝတစ်လျှောက်လုပ်ခဲ့တဲ့ အမှားတွေထဲက အကြီးမားဆုံးအမှားပါပဲ" "ကျွန်တော့်စိတ်ထဲမှာ အင်တာမီလန်ကတောင်ကျွန်တော့်ကို ဒီလောက်အထိကမ်းလှမ်းနိုင်ရင် ယူနိုက်တက်ကလည်း ဒီလောက်တော့ပေးသင့်တယ်လို့ထင်ခဲ့ပါတယ်။ အဲဒါနဲ့ကျွန်တော် ဖာဂူဆန်ဆီရောက်တော့ လစာကိစ္စပြောခဲ့မိပါတယ်။ သူက သားရေစာအုပ်တစ်အုပ်ကို ၅ မိနစ်လောက် ဟိုလှန်ဒီလှန်လုပ်ပြီး အခုလက်ရှိရနေတဲ့လစာက သင့်တော်ကြောင်းနဲ့ အခြားသူတွေနဲ့လည်း တန်းတူဖြစ်နေကြောင်းပြောခဲ့ပါတယ်။ အဲဒါနဲ့ကျွန်တော်လည်း ကောင်းပါပြီဘော့စ်ဆိုပြီး ပြန်ထွက်လာခဲ့ရပါတယ်။ ဒီလို လစာတိုးတောင်းခဲ့တာ ကျွန်တော့်ဘဝရဲ့အကြီးမားဆုံးနောင်တပါပဲ"
"တကယ်ဆို ကျွန်တော်က ကျွန်တော့်ရဲ့အိပ်မက်အသင်း မန်ချက်စတာယူနိုက်တက်မှာကစားခွင့်ရနေတဲ့သူပါ။ အဲဒါကို ကျွန်တော်ဘာတွေတွေးမိပြီးလုပ်ခဲ့မိတယ်မသိပါဘူး။ အဲဒီအကြောင်းကိုပြန်တွေးမိတိုင်းနာကျင်ရပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။ ထိုစဉ်က စခိုးလ်ဟာ ယူနိုက်တက်ရဲ့ကွင်းလယ်အတွက်အလွန်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ဆက်လက်ကျန်ရှိနေခဲ့ပြီး အင်တာမီလန်သို့ပြောင်းရွှေ့မယ့်အစီအစဉ်ကလည်း ပျက်ပြယ်သွားခဲ့ပါတယ်။ သတင်းတွေအရ ထိုစဉ်က ဖာဂူဆန်ဟာ အင်တာမီလန်ထံမှ ကမ်းလှမ်းမှု ကိုလက်ခံရရှိခဲ့ပေမယ့် ချက်ချင်းပဲငြင်းပယ်ခဲ့တာကြောင့် ပေါလ်စခိုးလ်အနေနဲ့ အဆိုပါကမ်းလှမ်းမှု ကို လက်ခံဖို့အခွင့်အရေးမရခဲ့ဘူးလို့သိရပါတယ်။
ထို့နောက်မှာတော့ စခိုးလ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ကစားသမားဘဝအနားယူတဲ့အချိန်အထိ ဆက်လက်နေထိုင်ခဲ့ပြီး ဆယ်စုနှစ် ၂ ခုကျော်အတွင်း ပွဲပေါင်း ၇၁၆ ပွဲအထိကစားခဲ့ကာ ထင်ရှားတဲ့ကလပ်ဂန္ထဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                