
မိခင်မြေကို အံ့အားသင့်ဖွယ်ပြန်တော့မယ့် အာဆင်နယ်စတားဟောင်း
သတင်းတွေအရ အာဆင်နယ်စတားဟောင်း အိုလီဗာဂျီရော့ဒ်တစ်ယောက် LAFC အသင်းထံကနေ မိခင်မြေဖြစ်တဲ့ပြင်သစ်ကလပ် လိုင်လီအသင်းထံပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။ လော့စ်အိန်ဂျလိစ်အသင်းမှာကန်ခဲ့ပြီးနောက် ဂျီရော့ဒ်ဟာ အံ့အားသင့်ဖွယ် လိုင်လီအသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
မာကာတိုသတင်းဌာနရဲ့အဆိုအရ အသက် ၃၈ နှစ်သားဟာ လိုင်လီအသင်းနဲ့ ၁ နှစ်စာချုပ် + ၁ နှစ်အပိုသက်တမ်းတိုးခွင့်ပါဝင်တဲ့နဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်အသင်းနဲ့ ဒီဇင်ဘာမတိုင်ခင်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် ၂ ဦး ၂ ဖက်လမ်းခွဲမှာဖြစ်ပါတယ်။ မေဂျာလိဂ်မှာတော့ ထင်ထားသလိုဖြစ်မလာခဲ့ပဲ ခြေစွမ်းကျဆင်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ မှာ US Open Cup ရရှိခဲ့သလို ကလပ်ကမ္ဘာ့ဖလားလည်း ပြိုင်ဆိုင်နေကာ ၃၇ ပွဲမှာ ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
လိုင်လီအနေနဲ့ ဂျိုနသန်ဒေးဗစ်နေရာအတွက် အစားထိုးရမှာဖြစ်ပြီး ဂျီရော့ဒ်က ကာလတိုအစားထိုးမှုဖြစ်လာမှာဖြစ်ကာ တိုက်စစ်ပိုင်းအတွက်အတွေ့အကြုံပြည့်ဝတဲ့တိုက်စစ်မှူးမျိုးရရှိခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားတစ်ယောက် ပြင်သစ်မြေမှာနောက်ဆုံးကန်ခဲ့တာက လွန်ခဲ့တဲ့ ၁၂ တုန်းကဖြစ်ပြီး ၂၀၁၁ - ၁၂ ရာသီအပြီးမှာ အာဆင်နယ်ထံပြောင်းရွှေ့ခဲ့ပါတယ်။
လိုင်လီအသင်းဥက္ကဌ အိုလီဗာကလည်း အသင်းဘက်က သူ့ကိုစိတ်ဝင်စားတယ်ဆိုတာကို အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ “ကျွန်တော်တို့ သူ့ကိုအသင်းထံပြောင်းတာလာမြင်ချင်ပါတယ်။ သူက အရာအားလုံးယူဆောင်လာနိုင်ပါတယ်။ နည်းစနစ် ၊ အတွေ့အကြုံ ၊ မြင့်မားတဲ့အဆင့်အတန်း နဲ့ လူသားတန်ဖိုးတွေယူဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် အခြားအသင်းက သူ့ကိုပိုင်ဆိုင်နေဆဲပါ။ အခုအပြောင်းအရွှေ့ လွယ်လွယ်နဲ့မဖြစ်လာနိုင်လောက်ပါဘူး”လို့ အိုလီဗာက ပြောကြားခဲ့ပါတယ်။
ပြင်သစ်သားဟာ အသင်းမပြောင်းခင် LAFC နဲ့အပြီးသတ်ရမှာဖြစ်ပြီး အစီအစဉ်အတိုင်းဖြစ်လာခဲ့ရင် လာမယ့်ရက်အနည်းငယ်အတွင်းမှာ လိုင်လီအသင်းကစားသမားဖြစ်လာမှာဖြစ်ပါတယ်။