
အီဒူနဲ့ သဘောထားချင်း မတိုက်ဆိုင်မှုကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အနာဂတ် မရေရာဖြစ်လာတဲ့ နူနိုဆန်တို
နော်တင်ဟမ်ဖောရက်စ်နည်းပြ နူနိုအစ္စပီရီတိုဆန်တိုဟာ အသင်းပိုင်ရှင် အီဗန်ဂလိုမာရီနာကစ်၊ ဘောလုံးဆိုင်ရာ အကြီးအကဲ အီဒူတို့နဲ့ ဆက်ဆံရေးတွေ ပျက်ပြားခဲ့တာကြောင့် အသင်းကနေ စောစောစီးစီး ထွက်ခွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြောင်းရွှေ့ကြေးမူဝါဒအပေါ် သဘောထားကွဲလွဲမှုတွေကနေ စတင်ခဲ့တဲ့ အခုလို အခြေအနေဟာ "ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ" ဖြစ်ပြီး "ပြန်လည် ပြုပြင်လို့မရနိုင်လောက်အောင်" ဆိုးရွားတယ်လို့လည်း ဆိုကြပါတယ်။
သောကြာနေ့မှာ နူနိုက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မာရီနာကစ်နဲ့ ဆက်ဆံရေးဟာ အေးခဲနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ကျွန်တော် အသင်းပိုင်ရှင်နဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ အရမ်းရင်းနှီးခဲ့ပြီး နေ့တိုင်းလိုလို စကားပြောဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာတော့ အရင်လိုမကောင်းတော့ပါဘူး။ ဒါပေမဲ့ ဆွေးနွေးတာက အရေးကြီးတယ်လို့ ကျွန်တော် အမြဲယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပြောင်းလဲသွားပြီး အရင်လောက် မရင်းနှီးတော့ပါဘူး။ အသင်းမှာရှိတဲ့ လူတိုင်းက စည်းလုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတာက အဲဒီလိုမဟုတ်ပါဘူး" လို့ နူနိုက ပြောပါတယ်။
သတင်းတွေအရ အီဒူနဲ့ နူနိုတို့ကြားမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက အားပြိုင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အဓိကပြဿနာက "ကစားသမားခေါ်ယူမှု" နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေတာဖြစ်ပါတယ်။ နည်းပြ နဲ့ ဘောလုံးအမှုဆောင်အရာရှိတို့ရဲ့ ဆက်ဆံရေးဟာ ပြန်လည်ကောင်းမွန်ဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း ဆိုကြပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖောရက်စ်အသင်းကို ဦးဆောင်ပြီး ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့လို့ ဇွန်လမှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမဲ့ နူနိုရဲ့အနာဂတ်ကတော့ မရေမရာဖြစ်နေပါတယ်။
အသင်းက နည်းပြနေရာမှာ အစားထိုးနိုင်မယ့်သူတွေကို ရှာဖွေနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ နူနိုရဲ့ ဒေါသတကြီးပြောဆိုမှုတွေနဲ့အတူ အခုလို ပဋိပက္ခတွေ လူသိရှင်ကြားဖြစ်လာတာက ပြေလည်ဖို့ မလွယ်ဘူးဆိုတာကို ပြသနေပါတယ်။ နူနိုဆန်တိုအနေနဲ့ လက်ရှိ အာရုံစိုက်ရမှာကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး အဲဒီပွဲရဲ့ရလဒ်က နူနိုရဲ့အနာဂတ်အတွက် အရေးပါပါလိမ့်မယ်။