
လုံလောက်တဲ့ခြေစွမ်းမရှိတာကြောင့် ဇက်ခ်ဇီကို နယ်သာလန်လူစာရင်းမှထုတ်ပယ်ခဲ့တဲ့ ကိုးမန်း
နယ်သာလန်လက်ရွေးစင်နည်းပြ ရော်နယ်ကိုးမန်းက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို အသင်းရဲ့လူစာရင်းမှထုတ်ပယ်ခဲ့ခြင်းမှာ လုံလောက်တဲ့ခြေစွမ်းမျိုး ပြသထားနိုင်ခြင်းမရှိသောကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဧပြီလအတွင်းမှာ နယ်သာလန်ဟာ နေရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်ကို ၂ ကျော့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုအခါမှာတော့ ကိုးမန်းက အသင်းရဲ့နောက်ဆုံးလူစာရင်းကို ရွေးချယ်ထားခဲ့ပြီဖြစ်ပါတယ်။ ကိုးမန်းဟာ ဇက်ခ်ဇီကို နယ်သာလန်ရဲ့မဏာမလူစာရင်းမှာကတည်းက ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး အကြောင်းပြချက်မှာတော့ လုံလောက်တဲ့ခြေစွမ်းမရှိလို့ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဘိုလော့ဂ်နာမှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက်သို့စတင်ရောက်ရှိချိန်ကတည်းက ပွဲဦးထွက်ရာသီမှာပဲ ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ယခုရာသီမှာ ကစားသမားဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲအထိကစားခွင့်ရထားပေမယ့် ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်သာပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။
ကိုးမန်းက "ဇက်ခ်ဇီက ပဏာမလူစာရင်းမှာကတည်းက မပါဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိသူ့ရဲ့ခြေစွမ်းက နယ်သာလန်အတွက် လုံလောက်မှုမရှိဘူးလို့ထင်လို့ပါ။စည်းကမ်းအရဆိုရင်တော့ မှန်ကန်တဲ့ပုံစံနဲ့ ကြံ့ခိုင်မှုပြည့်ဝရင် အသင်းအတွက်ရွေးချယ်ရမယ်ဆိုပေမယ့် ဒါက အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး"
"အသင်းမှာ ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ်လူတွေအများကြီးရှိနေပါတယ်။ ဒါကြောင့် သတ်မှတ်ချက်တစ်ခုထားပြီး ကစားသမားတွေကို ရွေးချယ်သွားမှာပါ။ ဇက်ခ်ဇီက လောလောဆယ်မှာ အသင်းအတွက်ကစားပေးဖို့ မထိုက်တန်ပါဘူး။ ဒီလိုဖြစ်ရပ်မျိုးက အခြားကစားသမားတွေအတွက်လည်း ဖြစ်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ နယ်သာလန်အသင်းမှာရွေးချယ်ခြင်းမခံခဲ့ရတဲ့ ဇက်ခ်ဇီအနေနဲ့ ယူနိုက်တက်အတွက်ပဲ အပြည့်အဝအာရုံစိုက်ထားရတော့မှာဖြစ်ပြီး လာမယ့်သောကြာနေ့မှာတော့ ရူဘင်အာမိုရင်ရဲ့အသင်းဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။