The network connection is lost.

Banner Image

ချဲလ်ဆီးဘုတ်အဖွဲ့က နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင်ဝေဖန်

ချဲလ်ဆီးကစားသမားဟောင်း ပတ်နယ်ဗင်က ကလပ်ရဲ့ဘုတ်အဖွဲ့ဟာ နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာအလိုရှိတာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာကိုရာထူးကထုတ်ပယ်လိုက်တဲ့အပေါ် သူ့အနေနဲ့နားလည်ပေးနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာနဲ့ ချဲလ်ဆီးအသင်းရဲ့ တွဲဖက်ပိုင်ရှင် ဘီဟတ်အီဂါဘလီတို့ဟာ သောကြာ‌နေ့အစောပိုင်းမှာ ဆွေး‌နွေးမှုတွေပြုလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။ 

မာရက်စ်ကာကို ထုတ်ပယ်မှုနဲ့ပတ်သက်ပြီး ဘီဘီစီမှတစ်ဆင့် နယ်ဗင်က "မာရက်စ်ကာက အသင်းမှာ အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လားဆိုရင်တော့ ကျွန်တော့်အမြင်မှာ သာမန်ပါပဲ။ လူငယ်တွေစုဖွဲ့ထားတဲ့ အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာတို့၊ ဥရောပဖလားဆွတ်ခူးခဲ့တာတို့ကို အမွှမ်းတင်ပြီးပြောလို့ရပေမယ့်တစ်ဖက်မှာ သူက ပေါင် ၁.၆ ဘီလီယံလောက်အထိ သုံးစွဲထားခဲ့တာပါ။ ဒီလောက်ကတော့ ရသင့်ပါတယ်"

"ဒါပေမယ့် ချဲလ်ဆီးက သူတို့ရဲ့စနစ်ကို အကုန်လက်ခံနိုင်မယ့်နည်းပြမျိုးကို လိုချင်နေတာပါ။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုလက်ခံမယ့် ရုပ်သေးရုပ်တစ်ရုပ်ကိုလိုချင်တာပါ။ အထက်ကခိုင်းသမျှကို အတိအကျလုပ်မယ့် နည်းပြမျိုးပေါ့။ ဒီလိုလူမျိုးကိုလိုချင်ရင်တော့ ဒီလိုလူမျိုးကိုပဲရှာရမှာပါပဲ။ သူတို့က ငယ်ရွယ်ပြီးသူတို့ခိုင်းသမျှလုပ်မယ့် ငယ်ရွယ်တဲ့နည်းပြတစ်ယောက်ကို ထပ်ခေါ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ 

မာရက်စ်ကာကိုထုတ်ပယ်ပြီးနောက် ချဲလ်ဆီးဟာ အသင်းရဲ့ကုမ္ပဏီကပိုင်ဆိုင်ထားတဲ့ ပြင်သစ်ကလပ် စထရာဘော့ရဲ့နည်းပြ လီယမ်ရိုဆင်နီယာကို အစားထိုးခန့်အပ်ဖွယ်ရှိတယ်လို့လည်းသတင်းတွေထွက်ပေါ်ထားပါတယ်။  ဆက်လက်ပြီး နယ်ဗင်က "ချဲလ်ဆီးက အောင်မြင်မှုလိုချင်တဲ့အသင်းပါ။ ရမှတ်တွေအများကြီးရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရာသီတိုင်းမှာ လိုချင်ပါတယ်။ ဒါပေမယ့် သူတို့နောက်ထပ်လိုချင်တာကတော့ သူတို့ခိုင်းသမျှလုပ်မယ့်နည်းပြတစ်ယောက်ပါ။ ဒီအချက်နှစ်ချက်က တစ်ခါတလေကျရင် အရှေ့အနောက်မညီတာမျိုးဖြစ်တတ်ပါတယ်"

"လီယမ်ရိုဆင်နီယာက ကောင်းမွန်တဲ့အစားထိုးမှုလို့ ထင်ရပေမယ့် သူက ဒီလိုလိဂ် ဒီလိုဘောလုံးအဆင့်အတန်းမျိုးမှာ အတွေ့အကြုံမရှိပါဘူး။ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးနဲ့ အခက်ခဲဆုံးလိဂ်ပါ။ ဇယားအောက်ခြေကအသင်းတွေနဲ့ကစားရင်တောင် တစ်ခါတလေ အမှားအယွင်းတွေနဲ့ ရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ရိုဆင်နီယာကို နည်းပြသစ်အဖြစ်ခန့်အပ်မယ်ဆိုရင်တော့ ချဲလ်ဆီးအတွက် တကယ့်ကိုကြီးမားတဲ့စွန့်စားမှုဖြစ်လာပါလိမ့်မယ်" လို့သတိပေးပြောကြားခဲ့ပါတယ်။