
The network connection is lost.

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအကြို ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ နယ်သာလန်အသင်းက ထက်မြက်တဲ့တိုက်စစ်စွမ်းဆောင်ရည်နဲ့အတူ ကနေဒါကို ၄-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ နယ်သာလန်ဟာ ဒုတိယပိုင်းမှာတော့ ၁၃ မိနစ်အတွင်း ၃ ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယူရိုပြိုင်ပွဲမတိုင်ခင် ဂိုးပြတ်နိုင်ပွဲနဲ့အတူ စိတ်ဓာတ်ပိုင်းကို မြှင့်တင်နိုင်ခဲ့ပါတယ်။
နယ်သာလန်အတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၅၀ မိနစ်မှာ မမ်ဖစ်ဒီပေးက ဖရင်မ်ပွန်ရဲ့ပေးပို့မှုမှတစ်ဆင့် စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ဒီပေးအတွက် နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝ ၄၅ ဂိုးမြောက် သွင်းဂိုးဖြစ်လာခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်ပိုင်းမှာ ကနေဒါက တိုက်စစ်ဆင်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပေမယ့် နယ်သာလန်နောက်တန်းက အမှားအယွင်းမရှိတာကြောင့် ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ခြင်းတော့မရှိပါဘူး။
ပထမဦးဆောင်ဂိုးသွင်းယူပြီးနောက် ၇ မိနစ်အကြာမှာ နယ်သာလန်က ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒီပေးရဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဖရင်မ်ပွန်ကပဲ တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၆၃ မိနစ်မှာတော့ တတိယဦးဆောင်ဂိုးကို ဝက်ဂ်ဟော့စ်က ကနေဒါဂိုးသမားရဲ့ ဘောလုံးဖမ်းပုံမသေသပ်မှုမှတစ်ဆင့် ရရှိလာတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး အနီးကပ်ပိတ်သွင်းယူခဲ့ပါတယ်။
ပွဲသိမ်းဂိုးကိုတော့ ဝါရင့်နောက်ခံလူ ဗန်ဒိုက်ခ်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ပွဲအပြီးမှာတော့ နယ်သာလန်က ၄-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဂျာမနီမှာ ကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ နယ်သာလန်ဟာ လာမယ့် တနင်္လာနေ့မှာလည်း နောက်ထပ်ခြေစမ်းပွဲစဉ်တစ်ပွဲအဖြစ် အိုက်စလန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ကနေဒါကတော့ ကျန်ရှိတဲ့ခြေစမ်းပွဲစဉ်ကို ပြင်သစ်နဲ့ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ကိုပါအမေရိကမှာတော့ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားနဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။