
အေစီမီလန်ကိုအနိုင်ယူပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း ကိုပါအီတလီယာဖလားကို ပြန်လည်ဆွတ်ခူးခဲ့တဲ့ ဘိုလော့ဂ်နာ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအီတလီယာဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာဟာ အေစီမီလန်ကို ၁-၀ နဲ့အနိုင်ယူပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအီတလီယာဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အေစီမီလန်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပေမယ့် ဘိုလော့ဂ်နာဂိုးသမား စကိုရပ်စကီးရဲ့ လက်စွမ်းပြမှုတွေကြောင့် သွင်းဂိုးတော့မရရှိခဲ့ပါဘူး။စကိုရပ်စကီးဟာ အေစီမီလန်တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာဂျိုဗစ်နဲ့ ခရစ်ရှင်ပူလီဆစ်တို့ရဲ့ အနီးကပ်ပိတ်သွင်းမှုတွေကို သတိကြီးကြီးနဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
အေစီမီလန်ဂိုးသမား မိုက်ခ်မိုင်နန်ကလည်း ယခုပွဲစဉ်မှာ အတော်လေးလက်စွမ်းပြခဲ့လို့ ပထမပိုင်းအတွင်း ၂ သင်းစလုံးဂိုးသွင်းနိုင်ခဲ့ခြင်းမရှိဘဲ ၀-၀ နဲ့ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘိုလော့ဂ်နာက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဒန်အန်ဒိုရေးက မထင်မှတ်ထားတဲ့အခြေအနေကနေ မိုင်နန်ရဲ့ ဘယ်ဘက်ထောင့်ထဲသို့ လျှပ်တပြက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက်မှာ အေစီမီလန်က ချေပဂိုးရဖို့ပြန်လည်ကြိုးစားခဲ့ပေမယ့် ဘိုလော့ဂ်နာရဲ့ခံစစ်ပိုင်းက အမှားအယွင်းမရှိ ပြန်လည်ခုခံခဲ့တာကြောင့် ၁-၀ နဲ့ပဲ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အနေနဲ့ ကိုပါအီတလီယာဆုဖလားကို ၂၃ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ဘိုလော့ဂ်ရဲ့ခံစစ်ကို မကျော်နိုင်ခဲ့တာကြောင့် နောက်နှစ်မှာ တဖန်ပြန်လည်ကြိုးစားသွားရတော့မှာဖြစ်ပါတယ်။
ဘိုလော့ဂ်နာကတော့ အန်ဒိုရေးရဲ့သွင်းဂိုးနဲ့အတူ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအီတလီယာဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။