လူဇင်ဘော့နဲ့ပွဲစဉ်၊ ဒုတိယပိုင်းခြေစွမ်းကြောင့် စိတ်သက်သာရာရရှိခဲ့တဲ့ နာဂယ်စ်မန်း
လူဇင်ဘော့ကိုအနိုင်ယူခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီး နာဂယ်စ်မန်းက ဂျာမနီအသင်းဟာ စည်းချက်ညီအောင် ကစားနိုင်ရန်အတွက် အချိန်အတော်လေးယူခဲ့ရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုလေးကြိမ်တိုင်ရရှိထားသူတွေက Stade de Luxembourg ကွင်းအတွင်း တိုက်စစ်မှူးဝေါ်လ်တီမိတ်ရဲ့ဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုးဖြင့် အုပ်စု(A)မှာ လေးပွဲဆက်နိုင်ပွဲရရှိခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းနည်းပြက “ ဒီနေ့အတွက် ဒီအနိုင်သုံးမှတ်ကသာ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဘောလုံးဆိုတာ ရလဒ်ကိုအခြေပြုထားတဲ့ အားကစားနည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပွဲချိန်အတွင်းမှာတော့ ကျွန်တော်တို့တွေ ပုံစံကောင်းမပြသနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက စည်းချက်ညီအောင်ကစားနိုင်ဖို့အတွက် အချိန်အတော်လေးယူခဲ့ရပါတယ်။ လူဇင်ဘော့အတွက် အခွင့်အရေးတွေ ပေါ်ပေါက်ခဲ့ပြီး ဦးဆောင်ဂိုးတောင် ရရှိခဲ့သင့်တယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ကျွန်တော်တို့အသင်း ပိုကောင်းလာခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နှစ်ဂိုးသွင်းယူပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သုံးမှတ်အပြည့် ရယူခဲ့ပါတယ်”လို့ ပြောပါတယ်။
အခုအချိန်မှာ ဝေါ်လ်တီမိတ်က မြောက်အိုင်ယာလန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း အဆုံးအဖြတ်ဂိုးသွင်းယူမှုအပါအဝင် ဂျာမနီလက်ရွေးစင်အသင်းအတွက် နောက်ဆုံးနှစ်ပွဲမှာ သုံးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ တိုက်စစ်မှူးကိုယ်တိုင်လည်း ပွဲချိန်ကြာညောင်းလာတာနဲ့အမျှ ဧည့်သည်ဂျာမနီရဲ့စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်လာတယ်ဆိုတဲ့အချက်ကို သဘောတူခဲ့ပါတယ်။ သူက “ ပထမပိုင်းမှာ စွမ်းဆောင်ရည် မကောင်းခဲ့ပါဘူး။ အပြန်အလှန်တိုက်စစ်ဆင်မှုတွေ ရှိခဲ့ပြီး အလွန်အန္တရာယ်များတဲ့အခြေအနေတွေကိုလည်း ခွင့်ပြုပေးခဲ့ရပါတယ်။
ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာပါတယ်။ တိကျမှုပိုရှိလာသလို လိုအပ်နေတဲ့ဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ အရေးအကြီးဆုံးအရာက အနိုင်သုံးမှတ်ပဲ ဖြစ်ပါတယ်။ လူဇင်ဘော့မှာ ကောင်းမွန်တဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပထမပိုင်းကစားပုံ မကောင်းမွန်ဘူးဆိုတာ အားလုံးလည်း ဝန်ခံခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ကစားပုံ သိသိသာသာကောင်းမွန်လာပြီး ပွဲကို ပိုမိုထိန်းချုပ်ကာ အခွင့်အရေးတွေ ပိုမိုဖန်တီးလာနိုင်ပါတယ်။ ဒီကွင်းမှာ နှစ်ဂိုးသွင်းယူနိုင်တာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းအနိုင်ရရှိနေသရွေ့ ဘယ်သူဂိုးသွင်းတယ်ဆိုတာ အရေးမကြီးလှပါဘူး”လို့ ပြောပါတယ်။