
ပြင်းထန်ဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်မူစီယာလာ
ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ခြေထောက်သွင်သွင်ကျိုးကာ ခြေကျင်းဝတ်ပါ လည်သွားတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်မူစီယာလာကတော့ ကာလရှည်အနားယူသွားပါလိမ့်မယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာနဲ့ မတော်တဆထိခိုက်မိပြီးနောက် အသက်-၂၂ နှစ်အရွယ်ကစားသမားမှာ ပြင်းထန်ဒဏ်ရာအခြေအနေ ပေါ်ပေါက်လာခဲ့ပါတယ်။
သူ့ရဲ့ဘယ်ခြေထောက်ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားရင်း နာနာကျင်ကျင်အော်ဟစ်နေတဲ့ မူစီယာလာက လူနာတင်ထမ်းစင်တစ်ခုအပေါ် ရောက်ရှိသွားချိန် သူ့ရဲ့ဂျာစီအင်္ကျီနဲ့ မျက်နှာကို ကွယ်ဝှက်ထားခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားရဲ့အခြေအနေကို စစ်ဆေးဖို့ ဆေးရုံဆီ ချက်ချင်းဆိုသလိုပို့ဆောင်ခဲ့ပြီး အခုအချိန်မှာတော့ ခွဲစိတ်ကုသမှုပြုလုပ်ရန် မြူးနစ်မြို့ဆီ မူစီယာလာ ရောက်ရှိသွားပါပြီ။
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ မာ့ခ်အီဘရယ်လ်က “ အခုလိုပြင်းထန်ဒဏ်ရာနဲ့အတူ ကာလရှည်အနားယူရမှုက မူစီယာလာအပါအဝင် ကျွန်တော်တို့အားလုံးအတွက် တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာကောင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘိုင်ယန်မြူးနစ်အသင်း ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာခဲ့ပါတယ်။
မူစီယာလာက ကျွန်တော်တို့အတွက် ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ လူတိုင်းလည်း သိကြပါတယ်။ ဒါ့အပြင် သူ့ရဲ့အခြေအနေက အတော်လေးခါးသီးလွန်းပြီး ကျွန်တော်တို့အားလုံး သူ့အတွက် ခံစားရပါတယ်။ သူက သိပ်မကြာသေးခင်ကမှ ဒဏ်ရာပြန်သက်သာလာပြီး အခုတော့ နောက်ထပ်ဒဏ်ရာတစ်ခုနဲ့အတူ ကာလအတော်ကြာ အနားယူသွားရပါဦးမယ်။
မူစီယာလာလိုအပ်သမျှအရာရာတိုင်းကို ကျွန်တော်တို့ ထောက်ပံ့ပေးသွားပါမယ်။ သူနဲ့အတူ ရပ်တည်ကာ သူ့အတွက် အပြည့်အဝထောက်ခံပေးသွားပါမယ်။ ဘောလုံးကွင်းဆီ သူပြန်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။ မူစီယာလာရဲ့ဒဏ်ရာကို တွေ့ရှိသွားပြီးနောက် ဒွန်နာရမ်မာကိုယ်တိုင် မျက်နှာလွှဲထားခဲ့ရသလို ဘိုင်ယန်မြူးနစ်ကစားသမားတွေကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ ဒွန်နာရမ်မာက Social Media မှတဆင့် မူစီယာလာ အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။