
The network connection is lost.

ပြီးခဲ့တဲ့မေလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ဆုဖလားအောင်ပွဲကို လက်လွှတ်ခဲ့ရပေမယ့် ရိုးမားနည်းပြမော်ရင်ဟိုကတော့ သူ့ရဲ့အသင်းဟာ အဲ့ဒီပွဲစဉ်မှာ မရှုံးနိမ့်ခဲ့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ အီတလီစီးရီးအေကလပ်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဒိုင်ဘားလားရဲ့ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီနီရဲ့ O.G ကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူဖို့အထိ ဖြစ်လာခဲ့ပါတယ်။
ယူရိုပါလိဂ်ဆုဖလားကို ဆီဗီလာတို့ စံချိန်တင် ခုနစ်ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်မှာ မော်ရင်ဟိုအပါအဝင် ကစားသမား၊ နည်းပြ ၁၄ ဦး အဝါကတ်ပြသခံခဲ့ရပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ အဲ့ဒီပွဲစဉ်ဟာ သူ့ရဲ့အသင်းအတွက် ရှုံးပွဲတစ်ခုလို့ မယူဆကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယမန်နေ့(ဗုဒ္ဓဟူးနေ့)၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ မတူခြားနားတဲ့ နောက်ထပ်ပြိုင်ပွဲတစ်ခုပါ။ ဘူဒါပတ်မှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အဲ့ဒီဗိုလ်လုပွဲ (ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲ)မှာ ခါးသီးတဲ့ အဆုံးသတ်မတိုင်ခင် ကျွန်တော်တို့အသင်း မရှုံးနိမ့်ခဲ့ဘူးလို့ ကျွန်တော် ဆက်ပြောနေရပါလိမ့်မယ်။ လူတွေက အချိန်တိုင်း ကျွန်တော့်ကို ဒီအကြောင်း ပြောနေကြသလို ကျွန်တော်ကလည်း မရှုံးနိမ့်ခဲ့ဘူးဆိုတာ သူတို့ကို ပြန်ပြောရပါလိမ့်မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရိုးမားက ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာတော့ လူဒိုဂိုရက်စ်ကို အဝေးကွင်းမှာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။ ပေါ်တူဂီသားနည်းပြကြီးကတော့ ဒီနှစ်ပြိုင်ပွဲမှာ ယမန်နှစ်ပုံစံအတိုင်း ဆက်မဖြစ်စေချင်တော့ဘူးလို့ ဆိုလာပြန်ပါတယ်။
“ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောရရင် ဒီနေ့ ပြိုင်ပွဲစတင်လာတယ်ဆိုရင်ပဲ ပထမဆုံးရည်မှန်းချက်က နောက်တစ်ဆင့်တက်ရောကိနိုင်ရေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့အသင်းက အုပ်စုအဖွင့်ကို ရှုံးပွဲနဲ့ စတင်ခဲ့ရပါတယ်။ ဒါက ရှုပ်ထွေးသွားခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် Play-offs ကို ဖြတ်သန်းခဲ့ရပြန်ပါတယ်။ ဒါကြောင့် အုပ်စုဗိုလ်ဖြစ်ဖို့က အရေးအကြီးဆုံးပဲဆိုတာ သေချာပါတယ်”လို့ မော်ရင်ဟိုက ဆက်ပြောလာခဲ့ပါတယ်။
ယမန်နှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင်အထိ မော်ရင်ဟိုက တက်ရောက်နိုင်တဲ့ ဥရောပအဆင့် ဗိုလ်လုပွဲတွေမှာ ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆီဗီလာကို အရေးနိမ့်ပြီးချိန်မှာတော့ မော်ရင်ဟိုက သူရရှိတဲ့ ယူရိုပါလိဂ်ဒုတိယ ဆုတံဆိပ်ကို ပရိသတ်အတွင်းမှာ ရှိနေတဲ့ ကလေးငယ်တစ်ဦးဆီ လှမ်းပစ်ပေးခဲ့ပါတယ်။
ရိုးမားက အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှရစ်ဖ်၊ ဆလားဗီးယားပရက်ဂ်၊ ဆာဗက်တီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဒီနေ့ညပိုင်းမှာ ရှရစ်ဖ်နဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။