The network connection is lost.

ဧဝရက်တောင်ဆိုပေမယ့် ကြိုးကြာဆိုတာ ငှက်ပါ...

လက်ရှိအချိန်မှာ မန်စီးတီးက အကောင်းဆုံးအနေအထားရောက်နေပြီး ပွဲတွေမှာ အနိုင်ရဖို့အတွက် အဆုံးသတ်သေချာမှုတွေ ရှိလာချိန် လီဗာပူးအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဧဝရက်တောင်ကို တက်ရသလိုဖြစ်လာနိုင်တယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ လီဗာပူးဟာ အရင်တုန်းကလည်း ဒီလိုမျိုးလုပ်ပြနိုင်ခဲ့ပါတယ်။ အခုချိန်မှာ မန်စီးတီးကို လိုက်မီဖို့ဆိုတာ အရမ်းခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ နည်းပြကလော့ပ် ဦးဆောင်တဲ့လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အားလုံးရဲ့ထင်မြင်ယူဆချက်တွေကို တွန်းလှန်ပြခဲ့တာ တစ်ကြိမ် နှစ်ကြိမ်မကတော့ပါဘူး။ စီးတီးအသင်း ချန်ပီယံဆုဖလား ကာကွယ်ခွင့်ကို တားဆီးဖို့ဆိုတာ ယုံနိုင်စရာမရှိတဲ့ စွမ်းဆောင်ရည်ရှိရမှာဖြစ်ပေမယ့် ချန်ပီယံပြေးလမ်းမှာ လီဗာပူးအသင်း ရှိနေဆဲဆိုတာ လုံလောက်တဲ့အကြောင်းပြချက် တချို့ရှိပါတယ်။

 

ပထမဆုံးကတော့ လက်ရှိလီဗာပူးအသင်းက ကာလရှည်နိုင်ပွဲဆက်ရလဒ်ကောင်းတွေ ဖန်တီးနိုင်စွမ်းရှိပါတယ်။ ၂၀၁၈-၁၉ ရာသီတုန်းက ဒီလိုမျိုးလုပ်ပြခဲ့ပါတယ်။ အဲဒီတုန်းက မန်စီးတီးကို နောက်ဆုံးပွဲအထိ လိုက်လံဖိအားပေးခဲ့တာပါ။ ပြီးတော့ ၂၀၁၉-၂၀ ရာသီကလည်း အားလုံးက သူတို့ရဲ့အခွင့်အရေး အဆုံးသတ်သွားပြီလို့ထင်မှတ်ချိန်မှာ ချန်ပီယံဆုဖလားပါ ရယူသွားပါတယ်။ အချက်အလက်တွေအရ ပြောရမယ်ဆိုရင်လည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မန်စီးတီးရဲ့အထက် ဒါမှမဟုတ် မန်စီးတီးနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့အသင်းဆိုလို့ လီဗာပူး တစ်သင်းတည်းရှိပြီး ဒီအတွက်ကြောင့်လည်း သူတို့ဆီမှာ အခွင့်အရေးရှိနေသေးတယ်လို့ လီဗာပူးအသင်း ယုံကြည်နေတာပါ။ ကလော့ပ်လက်ထက်မှာ လီဗာပူးဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး အသင်းသားတွေကြားမှာလည်း ယုံကြည်မှုမြင့်မားနေပါတယ်။

 

မန်စီးတီးရဲ့ကစားပုံကို ကြည့်လိုက်ရင် သူတို့ကို လိုက်မီနိုင်ရေးအတွက် လုံလောက်တဲ့အခွင့်အရေး ပေးဖို့ဆိုတာ သေးငယ်တဲ့အခွင့်အရေးလောက်ပဲရှိနိုင်ပါတယ်။ မန်စီးတီးကစားသမားတွေရဲ့အရည်အသွေး၊ နည်းပြဂွါဒီယိုလာရဲ့အရည်အချင်းနဲ့ လူစာရင်းတောင့်တင်းမှုတွေကို ကြည့်ရင် သူတို့ရဲ့ Level ကျလာဖို့ဆိုတာ မဆိုသလောက်လေးပဲရှိနိုင်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းတစ်သင်းဆိုတာလည်း လက်သင့်ခံရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ စနေညက ချဲလ်ဆီးကို အနိုင်ယူပြီး သူတို့ကို ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းပေါ်ကနေ ဖယ်ထုတ်လိုက်ပါတယ်။ ချန်ပီယံပြေးလမ်းပေါ်ကနေ နည်းပြ တူချယ်ရဲ့ချဲလ်ဆီးအသင်း ဒီလောက်မြန်မြန်နဲ့ ထွက်သွားရလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဖူးပါဘူး။ အဲဒါကလည်း ရာသီအစောပိုင်းက တောင့်တင်းလွန်းခဲ့တဲ့ခံစစ်ကြောင့် သူတို့ဟာ ကစားရခက်တဲ့အသင်းဖြစ်ခဲ့လို့ပါ။

 

ဒါက ဘာကို သတိရစေလဲဆိုရင် ကိုယ့်အသင်းက ဘယ်လောက်ပဲ လူစာရင်းတောင့်တင်း၊ တောင့်တင်း ပွဲအနည်းငယ်လောက် ကမောက်ကမဖြစ်၊ ကစားသမားအများစု ဒဏ်ရာရပြီဆိုရင် ယုံကြည်မှု ပျောက်ဆုံးသွားတတ်ပြီး အရှိန်လည်း တန့်သွားတတ်ပါတယ်။ ဟုတ်ပါတယ်..ချဲလ်ဆီးက ဒဏ်ရာပြဿနာတချို့နဲ့ ကိုဗစ်နှိပ်စက်မှုတွေရှိခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ ချန်ပီယံပြေးလမ်းမှာ သူတို့ ဒီလိုထွက်ခွာခဲ့ရတာက အံ့အားသင့်စရာကောင်းနေဆဲပါပဲ။ လွန်ခဲ့တဲ့တစ်လလောက်ကအထိ ချန်ပီယံပြေးလမ်းက ၃သင်းအားပြိုင်နေခဲ့ရာကနေ အခုဒီလိုဖြစ်သွားမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။

 

မန်စီးတီးအနေနဲ့ နောက်ဆုံး ၁၁ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ်မြောက်ရယူနိုင်ဖို့ အခြေအနေကောင်းနေတာမှန်ပေမယ့် ပွဲတွေအများကြီးကစားဖို့ ကျန်နေပါသေးတယ်။ တကယ်လို့ လီဗာပူးဟာ ဒီပုံစံအတိုင်း မန်စီးတီးကို အနီးကပ်ဆုံးလိုက်ပါဖိအားပေးနိုင်ရင် ဧပြီလအစောပိုင်းကျရင် အီတီဟတ်မှာကစားရမယ့် မန်စီးတီးနဲ့လီဗာပူးပွဲက ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အဲဒီဖြစ်ချင်တယ်ဆိုရင်တော့ လီဗာပူးအနေနဲ့ နောက်ထပ်အမှားတွေ ထပ်မကျူးလွန်မိဖို့တော့ လိုပါတယ်။ လက်ရှိအချိန်မှာ ပွဲတိုင်းကို လီဗာပူးအသင်း အနိုင်ရဖို့ လိုအပ်နေပြီး ဖိအားတွေ ဝင်နေတာမှန်ပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကစားသွားတဲ့ခြေစွမ်းကတော့ ကျေနပ်စရာကောင်းပါတယ်။

 

ဆာလက်နဲ့ မာနေးတို့မပါဘဲ အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး မျှော်လင့်ထားသလို လုပ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီပွဲမှာ ချိန်ဘာလိန်နဲ့ ကာတစ်ဂျုံးစ်တို့ကို ရွေးချယ်ခဲ့တာက ကလော့ပ်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါတယ်။ သူတို့နှစ်ယောက် ပါလာလို့ လီဗာပူးလည်း အခွင့်အရေးဖန်တီးနိုင်မှုတွေ၊ တိုက်စစ်လိုက်ပါကစားနိုင်မှုတွေမှာ အဆင်ပိုပြေသွားပြီး ဒါတွေက လီဗာပူးအသင်း လက်ရှိအချိန်မှာ တကယ်လိုအပ်နေတဲ့အရာတွေပါပဲ။ အဲဒီပွဲမှာ လီဗာပူးတိုက်စစ်မှူး ၃ယောက်စလုံံး ခြေစွမ်းပြနိုင်ခဲ့ပြီး အထူးသဖြင့် သူတို့ရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေ မပါနိုင်ချိန်မှာ ဒီလိုလုပ်ပြနိုင်တာက ချီးကျူးရမှာပါ။

 

ချိန်ဘာလိန်က မာနေးနဲ့ ဆာလက်တို့ အမြဲတမ်းလုပ်ဆောင်နေတဲ့ ခံစစ်နောက်မှာ ရွေ့လျားကစားသွားပြီး တိကျတဲ့ပေးပို့မှုတွေ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အာနိုးလ်နဲ့ ရောဘတ်ဆန်တို့ကြောင့် အလုပ်ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ အာဆင်နယ်နဲ့စိတ်ပျက်ဖွယ်သရေကျခဲ့တဲ့ ကာရာဘောင်ဖလားပွဲက လူစာရင်းကနေ မီနာမီနိုအစား ချိန်ဘာလိန်ကိုပဲ အပြောင်းအလဲလုပ်ခဲ့ပေမယ့် အဲဒီလူစာရင်းက အလုပ်ဖြစ်ခဲ့ပါတယ်။ ကာတစ်ဂျုံးစ်ကလည်း ဒီနိုင်ပွဲမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့တယ်လို့ထင်ပါတယ်။ ကွင်းလယ်မှာ သူ့ရဲ့ဖန်တီးပေးနိုင်မှုတွေကြောင့် အာနိုးလ်နဲ့ရောဘတ်ဆန်တို့အတွက် တောင်ပံမှာ နေရာလွတ်တွေ ပိုဖြစ်လာပါတယ်။ လက်ရှိအနေအထားအရ လီဗာပူးဟာ မျှော်လင့်စရာကောင်းနေတာမှန်ပေမယ့် ဆာလက်နဲ့ မာနေးတို့ မကစားနိုင်သေးတာက ပြဿနာဖြစ်လာနိုင်ပါတယ်။

 

(ဘီဘီစီအားကစားသတင်းဌာနမှ လီဗာပူးကွင်းလယ်လူဟောင်း ဒန်နီမာဖီရဲ့သုံးသပ်ချက်ကို ပြန်လည်ဖော်ပြပေးထားတာဖြစ်ပါတယ်)