ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ခဲ့လို့ ကျေနပ်အားရနေတဲ့ ယိုရို
မန်ချက်စတာယူနိုက်တက်ကစားသမားသစ် လန်နီယိုရိုဟာ ယမန်နေ့ညက ရိန်းဂျားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းအတွက် ပထမဆုံး စတင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရမိတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ဂိုးတွေကို လူငယ်ကစားသမားတွေဖြစ်တဲ့ အာမက်ဒီယာလိုနဲ့ ဂျိုး ဟူဂေးတို့က သွင်းယူပေးခဲ့ကြပြီး တန်ဟက်အတွက် နိုင်ပွဲပြန်လည်ရရှိစေခဲ့ပါတယ်။ ယခုပွဲစဉ်မှာ မကြာသေးမီက လိုင်လီမှ ပေါင် ၅၂.၁ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံကစားသမားသစ် ယိုရိုကလည်း ပွဲထွက်ကစားသမားအဖြစ် စတင်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အသက်-၁၈ နှစ်အရွယ်ပြင်သစ်သားက "မယုံနိုင်စရာပါပဲ။ အသင်းအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကိုလည်း ကျေနပ်မိပါတယ်။ ဒီလိုပဲရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်"
"အသင်းဖော်တွေက အများကြီးအကူအညီပေးသလို ဝန်ထမ်းတွေကလည်း ကျွန်တော့်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ကွင်းထဲမှာ အားလုံး တစ်သားတည်းဖြစ်ခဲ့လို့ ကျွန်တော့်အတွက် အရမ်းအဆင်ပြေခဲ့ပါတယ်။ ဒီကွင်းက ရိန်းဂျားရဲ့ကွင်းဆိုပေမယ့် ကျွန်တော့်အတွက်တော့ ယူနိုက်တက်ရဲ့ ကွင်းလိုပါပဲ။ ပရိသတ်တွေက နေရာအနှံ့မှာရှိနေခဲ့တာပါ"
"သူတို့က ကျွန်တော့်ရဲ့ကစားပုံကို ကြည့်ဖို့ ဒီနေရာမှာရှိနေခဲ့ကြတာပါ။ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်ဟာ ခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပြီး လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့နဲ့ ဆက်လက်ခြေစမ်းသွားမှာဖြစ်ပါတယ်။
အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်က အနားယူနေသလို ဟယ်ရီမက်ဂွါရီကလည်း ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် လောလောဆယ်မှာတော့ ယူနိုက်တက်အနေနဲ့ အသင်းရဲ့နောက်တန်းမှာ ယိုရိုကိုပဲ အားကိုးသွားရမှာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အသင်းနည်းပြ အဲရစ်တန်ဟက်က ယခုပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ အာမက်ဒီယာလိုကို ချီးကျူးစကားဆိုလာခဲ့ပါတယ်။ နယ်သာလန်သားက "ကျွန်တော်တို့ အာမက်ကို မတူညီတဲ့ပုံစံတစ်မျိုးနဲ့ မြင်တွေ့ရပါလိမ့်မယ်။ သူက အသက်ငယ်သေးတာမှန်ပေမယ့် အတွေ့အကြုံမရှိတာတော့ မဟုတ်ပါဘူး။ လာမယ့် ရာသီကတော့ သူ့ရာသီဖြစ်လာမှာပါ။ အခုလို စတင်နိုင်ခဲ့တာ သူ့အတွက်ကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။