The network connection is lost.

Banner Image

ဒဏ်ရာမှသက်သာလာတာကြောင့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်မယ့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာကြုံတွေ့ခဲ့ရသော်လည်း ယခုအခါမှာ သက်သာနေပြီဖြစ်တာကြောင့် အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်သွားရမယ့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့သိရပါတယ်။ 

အမ်ဘာပေဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြာသပတေးနေ့က ဂီတာဖေးကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်လက်ရွေးစင်အနေနဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ယခုအခါမှာတော့ စပိန်နိုင်ငံအခြေစိုက် Marca သတင်းဌာနရဲ့ဖော်ပြချက်အရ အမ်ဘာပေဟာ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့ သိရပါတယ်။တကယ်လို့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အမ်ဘာပေတစ်ယောက် စပိန်မြေမှာ ဖလားလက်မဲ့ရာသီနဲ့ စတင်ကြုံတွေ့သွားရဖို့ရှိနေတာဖြစ်ပါတယ်။ 

ဘာစီလိုနာနဲ့ ရင်ဆိုင်ရာမှာတော့ အမ်ဘာပေဟာ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ၂ ပွဲကစားပြီးချိန်မှာ ၄-၀၊ ၅-၂ တို့နဲ့ အသီးသီးရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ထိပ်တိုက်တွေ့ဆုံရာမှာတော့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းအနေနဲ့ ဘာစီလိုနာကို ဘယ်လောက်အထိဒုက္ခပေးသွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။ 

ကိုပါဒယ်ရေးဗိုလ်လုပွဲကိုတော့ လာမယ့်ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကောလာဟလတွေအရဆိုရင်တော့ အဆိုပါပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီရဲ့ နောက်ဆုံးပွဲဖြစ်တယ်လို့သိရပြီး အီတလီသားဟာ အဆိုပါပွဲစဉ်အပြီးမှာပဲ ရာထူးကနေ နုတ်ထွက်သွားမယ်လို့ သတင်းတွေထွက်ပေါ်ထားတာဖြစ်ပါတယ်။