ယူရိုမှာ ဗိုလ်စွဲပြီးနောက် အေစီမီလန်ဆီ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ မိုရာတာ
အယ်လ်ဗာရိုမိုရာတာက အေစီမီလန်ကစားသမားသစ်ဖြစ်လာဖို့ နီးစပ်နေပါပြီ။ အက်သလက်တီကိုမက်ဒရစ်မှာ ဆက်ရှိနေမယ်လို့ အာမခံပြီး တစ်လမပြည့်သေးခင်မှာပဲ တိုက်စစ်မှူးက စီးရီးအေဆီ ထွက်ခွာလာဖို့ ဦးတည်နေတာပါ။ သူနဲ့ အီတလီကလပ်အသင်းတို့အကြား နှုတ်အားဖြင့် သဘောတူညီမှုကိုလည်း ရယူထားခဲ့ပြီးပါပြီ။
နာမည်ကျော်သတင်းထောက်ရိုမာနိုရဲ့အဆိုအရ အခုအပြောင်းအရွှေ့အတွက် နှစ်ဖက်အကြား သဘောတူညီမှုရရှိပြီးပြီလို့ သိရပါတယ်။ အေစီမီလန်က လတ်တလောယူရိုချန်ပီယံဘွဲ့ဆွတ်ခူးထားတဲ့ စပိန်နံပါတ်-၉ တိုက်စစ်မှူးအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၃ သန်းပေးချေဖို့ အသင့်ရှိနေပါလိမ့်မယ်။
အခုလိုမျိုးနည်းလမ်းနဲ့ မိုရာတာက စပိန်အခြေစိုက်မီဒီယာတွေရဲ့အာရုံစိုက်မှုကို ဖယ်ရှားဖို့ ကြံစည်ခဲ့ပါတယ်။ သူ့အပေါ် စပိန်မီဒီယာတွေရဲ့ဝေဖန်မှုတွေကြောင့် အခုလိုမျိုး အီတလီမြေဆီ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ယူဆရပါတယ်။
မိုရာတာက အီတလီကလပ်အသင်းနဲ့ လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုသွားပါမယ်။ အေစီမီလန်ဘက်ကလည်း သူ့ကိုခေါ်ယူနိုင်ဖို့ အီဗရာဟီမိုဗစ်မှတဆင့် ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်းမှာပဲ စည်းရုံးရေးဆင်းနေခဲ့တာပါ။
အခုသီတင်းပတ်အတွင်းမှာပဲ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးက အပြောင်းအရွှေ့အတွက် စပိန်နိုင်ငံမြို့တော်မှာ ဆေးစစ်မှုခံယူသွားပါလိမ့်မယ်။ ဒါကြောင့် သူ့ရဲ့အေစီမီလန်ဆီ ပြောင်းရွှေ့မှုက လာမယ့်ရက်ပိုင်းအတွင်းမှာပဲ တရားဝင်အတည်ပြုထုတ်ပြန်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။