The network connection is lost.

Banner Image

စာချုပ်သစ်အတွက် ဆာလက်က မောင်းနှင်နိုင်တဲ့သူလို့ ဂလင်းဂျွန်ဆင် ထောက်ပြ

လီဗာပူးစတားဟောင်း ဂလင်းဂျွန်ဆင်က တောင်ပံကစားသမား ဆာလက်ဟာ စာချုပ်သစ်အတွက် မောင်းနှင်နိုင်တဲ့သူလို့ ပြောကြားလိုက်ပါတယ်။ ဆာလက်ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး ပရိသတ်တွေ နဲ့ ဘောလုံးကျွမ်းကျင်သူတွေက ဆာလက်အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြပါတယ်။

အီဂျစ်သားဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်သလို အသင်းဘက်က စာချုပ်သစ်မကမ်းလှမ်းသေးတာနဲ့ပတ်သက်ပြီး လူသိရှင်ကြားဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဆာလက်ရဲ့ထုတ်ပြန်ချက်ကြောင့် လီဗာပူးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က တာဝန်ရှိသူတွေအနေနဲ့ ဖိအားတွေပိုများသွားစေတယ်လို့ ယူဆနေပါတယ်။

“ပွဲအများကြီးကျန်နေပါသေးတယ်။ ပြီးတော့ မိုက သူဘာလုပ်နိုင်လဲဆိုတာကို သူသိပါတယ်။ သူက ပွဲတွေကို လိုချင်သလို ကစားနိုင်ပါတယ်။ ဒါပေမယ့် အဲ့တာက သူ့အနေနဲ့ လာမယ့်နှစ်အနည်းငယ်ကို လီဗာပူးအသင်းအတွက် ပေးမလား ဒါမှမဟုတ် ငွေနောက်လိုက်မလားဆိုတာပဲ ကြည့်ရပါမယ်။

သူက ကားတစ်ဦးနဲ့ဆိုရင် ယာဉ်မောင်းနေရာမှာရှိနေပါတယ်။ သူလိုချင်တာကို သူလုပ်နိုင်ပါတယ်။ သူ့ကိုအသင်းဘက်က ဆက်စည်းရုံးနိုင်ဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ကိုအသင်းမှာဆက်ရှိနေစေချင်ကြပါတယ်”လို့ ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဆာလက်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို အက်သလက်တစ်သတင်းဌာနကလည်း ဆာလက်ရဲ့တာဝန်ရှိသူတွေနဲ့ လီဗာပူးတို့ကြား ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း ၂ ဦး ၂ ဖက်သဘောတူညီမှုရဖို့ နီးစပ်မှုတော့ မရှိသေးတာဖြစ်ပါတယ်။ စာချုပ်သစ်အနေအထားက အဆင်မပြေသေးပေမယ့် ဆာလက်ဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲမှာ ၁၆ ဂိုးသွင်း ၊ ၁၂ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ လာမယ့်စနေနေ့မှာ လီဗာပူးအသင်းဟာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။