ဖိအားများပြားလှတဲ့ ချဲလ်ဆီးနည်းပြရာထူးနဲ့ပတ်သက်လို့ အလွန်ဆိုကို အင်္ဂလန်ကြယ်ပွင့်ဟောင်း ဂျွန်ဆင် သတိပေး
လီဗာပူးလ်နောက်ခံလူဟောင်းဂလင်းဂျွန်ဆင်က ချဲလ်ဆီးအသင်းနည်းပြရာထူးလက်ခံမှုကို ကမ္ဘာ့ဘောလုံးလောကရဲ့"အပူဆုံးထိုင်ခုံ"ပေါ် ထိုင်လိုက်တာနဲ့ တူလိမ့်မယ်လို့ အလွန်ဆိုဆီ သတိပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ သတင်းတွေထွက်နေတဲ့ အဲဒီစပိန်လူမျိုးနည်းပြက စတမ်းဖို့ဒ်ဘရစ်ချ်မှာ တာဝန်သွားဖို့ ရေပန်းစားနေသူစာရင်းမှာ ပါဝင်နေပါတယ်။
အလွန်ဆိုက ရီးရဲလ်မက်ဒရစ်အသင်းကို ခုနစ်လကြာ တာဝန်ယူခဲ့ပြီးနောက် ဇန်နဝါရီလအတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ဂျွန်ဆင်ကတော့ အလွန်ဆိုကို ဘောလုံးလောကရဲ့ထက်မြက်တဲ့ လူငယ်နည်းပြတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ထားပေမဲ့ ချဲလ်ဆီးအသင်းရဲ့မတည်ငြိမ်မှုတွေနဲ့ပတ်သက်လို့ သတိထားသွားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
"အခြေအနေကတော့ အဲဒီအတိုင်းပါပဲ။ လီဗာပူးလ်ပရိသတ်တွေဆိုရင် သူ့ကို အချိန်ပေးကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ၊ သူသာ ချဲလ်ဆီးနည်းပြ ဖြစ်လာမယ်ဆိုရင် ချယ်လ်ဆီးပရိသတ်တွေကတော့ အဲဒီလောက်အထိ သည်းခံပေးမှာ မဟုတ်ဘူး..." လို့ ဂျွန်ဆင်က GOAL ကို ပြောကြားခဲ့ပါတယ်။
"ဘောလုံးလောကမှာ ချဲလ်ဆီးအသင်းရဲ့နည်းပြရာထူးက အပူဆုံးထိုင်ခုံ ဖြစ်တယ်ဆိုတာ နည်းပြတိုင်း သိကြပါတယ်။ လူငယ်နည်းပြတစ်ဦးအတွက် အဲဒီကိုသွားဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ခြောက်လ၊ တစ်နှစ် ဒါမှမဟုတ် ၁၈ လလောက်အထိ အချိန်ရမှာ မဟုတ်ဘူးဆိုတာ သိနေလို့ပါပဲ။ ဒါကြောင့် ခန့်အပ်ခံရတာနဲ့ ချက်ချင်း စွမ်းဆောင်ရည်တွေ ပြသနိုင်ရပါမယ်။ ဆုဖလားတွေ ရဖူးတဲ့ ထိပ်တန်းနည်းပြတွေတောင် ဒါကို လုပ်နိုင်ဖို့ ခက်ခဲတယ်ဆိုတာ သက်သေပြပြီးသားပါ။ ဘယ်သူ့အတွက်မဆို ဒါက မဖြစ်နိုင်သလောက်ပါပဲ။ အခုတလောမြင်တွေ့ခဲ့ရတဲ့အခြေအနေတွေအရ လူငယ်နည်းပြအသစ်တစ်ဦးအတွက်တော့ အဲဒီနေရာကို လက်ခံတယ်ဆိုတာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်လို့တောင် ကျွန်တော်ထင်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။