The network connection is lost.

Banner Image

ကိုပါအီတလီယာဗိုလ်လုပွဲကို နောက်ဆုံးပွဲစဉ်လို ကစားသွားရမယ်လို့ ကစားသမားတွေကို မှာကြားလိုက်တဲ့ ကွန်စီကာအို

အေစီမီလန်နည်းပြ ဆာဂျီယို ကွန်စီကာအိုက ဘိုလော့ဂ်နာနဲ့ယှဉ်ပြိုင်သွားရမယ့် ကိုပါအီတလီယာဗိုလ်လုပွဲကို နောက်ဆုံးပွဲစဉ်လို့ သတ်မှတ်ပြီး အစွမ်းကုန်ပေးဆပ်ကစားကြဖို့ အသင်းရဲ့ကစားသမားတွေကို တွန်းအားပေးပြောကြားလာခဲ့ပါတယ်။ 

စီးရီးအေမှာအခြေအနေမကောင်းတဲ့ အေစီမီလန်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပေမယ့် ပြည်တွင်းဖလားပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုရနေပြီး အီတလီစူပါဖလားကို ဆွတ်ခူးထားနိုင်ခဲ့ရုံမက ယခုအခါမှာလည်း ကိုပါအီတလီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းထားနိုင်ပါတယ်။
 
ယခုအခါမှာ နည်းပြ ကွန်စီကာအိုက "ခက်ခဲတဲ့ရာသီအတွင်းမှာ ဒီဆုဖလားကို ထပ်ပြီးတော့ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပရိသတ်တွေအတွက်ရော၊ ကျွန်တော်တို့အတွက်ပါ ပျော်စရာကောင်းတဲ့ရာသီတစ်ခုဖြစ်လာမှာပါ။ အပြင်ပန်းကကြည့်ရင် ကျွန်တော်တို့အသင်းက ဒေါသထွက်နေပုံပေါ်ပေမယ့် ဒီဗိုလ်လုပွဲမှာတော့ ပျော်ရွှင်မှုအပြည့်နဲ့ ကစားသွားမှာပါ"

"ဖိအားတွေကတော့ အေစီမီလန်လိုအသင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဒီလိုအသင်းကြီးမှာ ဒါတွေက သာမန်ပါပဲ။ မနက်ဖြန်ပွဲမှာအဆင်သင့်ဖြစ်ဖို့ အာရုံစိုက်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုဗိုလ်လုပွဲကို ရိုးမားရဲ့အိမ်ကွင်းဖြစ်တဲ့ စတယ်ဒီယိုအိုလင်မ်ပီကိုကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး လာဇီယိုမှာ ကစားသမားဘဝ ကျင်လည်ခဲ့ဖူးတဲ့ ကွန်စီကာအိုအတွက်တော့ ရင်းနှီးတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ 

ကွန်စီကာအိုက "ကျွန်တော်ကစားသမားဘဝတုန်းက ဒီကွင်းမှာ အရမ်းပျော်ခဲ့ရပါတယ်။ ဒါပေမယ့် အတိတ်က အတိတ်ပါပဲ။ မနက်ဖြန်ပွဲကိုတော့ နောက်ဆုံးပွဲလိုသဘောထားပြီး ကျွန်တော်တို့ တိုက်ပွဲဝင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့စနေနေ့က အေစီမီလန်ဟာ ဘိုလော့ဂ်နာကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရထားခဲ့တာကြောင့် ယခုဗိုလ်လုပွဲမှာလည်း အနိုင်ရလဒ်ကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ရာဖေးလ်လီယာအိုနဲ့ ကွင်းလယ်လူ ဖိုဖာနာတို့ဟာ စနေနေ့က ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေမယ့် ဗိုလ်လုပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင်မယ်လို့ ကွန်စီကာအိုက အသိပေးခဲ့ပါတယ်။