The network connection is lost.

Banner Image

ဘီလ်ဘာအိုနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ယောကရက်စ်ကို အာတီတာ ချီးကျူးဂုဏ်ပြု

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဘီလ်ဘာအိုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် တိုက်စစ်မှူးသစ် ဗစ်တာယောကရက်စ်ကို ချီးကျူးခဲ့ပါတယ်။ 

ဒီနွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ အာဆင်နယ်ဆီပြောင်းရွှေ့လာတဲ့ ယောကရက်စ်က မာတင်ဇူဘီမန်ဒီရဲ့ ပေးပို့မှုကနေတစ်ဆင့် အသင်းအတွက် ပွဲဦးထွက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အာတီတာက ယောကရက်စ် ဂိုးသွင်းယူနိုင်ခဲ့တာကို အလွန်ပဲဝမ်းမြောက်မိကြောင်းပြောကြားခဲ့ပြီး ကွင်းအတွင်းမှာ နေရာယူနိုင်စွမ်းနဲ့ ကစားသမားရဲ့ သဘာဝအတိုင်းရှိတဲ့ စွမ်းရည်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ 

အာတီတာက "ဒါက သူ့ရဲ့သဘာဝပါပဲ။ သူ့ရဲ့လှုပ်ရှားမှု၊ သူဘယ်လိုပြေးတယ်၊ ဘယ်လိုအချိန်ကိုက်တယ်၊ နေရာလွတ်ဘယ်မှာရှိလဲ၊ ဘောလုံးဘယ်မှာကျမယ်ဆိုတာကို သူကြိုတင်ခန့်မှန်းနိုင်တဲ့စွမ်းရည်တွေအားလုံးက သူ့ရဲ့ဗီဇပါပဲ" လို့ပြောကြားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြက ယောကရက်စ်ဟာ အသင်းအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်တယ်ဆိုတာကို အလေးထားပြောကြားခဲ့ပြီး "နေရာလွတ်ကို သူရသွားပြီဆိုရင်တော့ မင်းကိုဖျက်ဆီးပစ်လိမ့်မယ်။ ဒါကြောင့် သူက ကျွန်တော်တို့အတွက် နေရာလွတ်တွေအများကြီးဖန်တီးပေးလိမ့်မယ်" လို့ပြောပါတယ်။

ယောကရက်စ်ဂိုးသွင်းယူခဲ့တာအပြင် ကိုင်ဟားဗက်ဇ်ကလည်း ၈၂ မိနစ်မှာ ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။  အာတီတာကတော့ လာမယ့်ရာသီမှာ တိုက်စစ်မှူးနှစ်ဦးစလုံးကို အတူတူအသုံးပြုသွားဖို့ အလားအလာရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး "သူတို့နှစ်ယောက်က အတူတူကစားနိုင်ပါတယ်။ ကိုင်ကလည်း ကွဲပြားတဲ့နေရာတွေမှာ ကစားနိုင်ပါတယ်။ ကျွန်တော်ထင်တာက အသင်းမှာရှိတဲ့ အရည်အသွေးကိုမြှင့်တင်ပေးနိုင်ပြီး အသင်းမှာ ဂိုးသွင်းနိုင်တဲ့ ခြိမ်းခြောက်မှုတွေရှိလာမှာပါ" လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီကို သြဂုတ်လ ၁၇ ရက်နေ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။