The network connection is lost.

Banner Image

မက်ဆီမပါတဲ့ ပွဲစဉ်မှာလည်း ကမ်ပါနာ၊ ဖာရီးယက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကို အနိုင်ရခဲ့တဲ့ အင်တာမီယာမီ

ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ဆုဖလားဆွတ်ခူးနိုင်ခဲ့အပြီးမှာ အင်တာမီယာမီအသင်းတွင် ပြောင်းရွှေ့ကစားနေတဲ့ မက်ဆီက ယခုအချိန်တွင် အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေခဲ့ပြီဖြစ်ပြီး မေဂျာလိဂ်ကလပ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိပေမဲ့ လိဂ်ဖလား ချန်ပီယံ အင်တာမီယာမီအသင်းက ပြိုင်ဘက် စပို့တင်းကေစီအသင်းကို ၃ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအနေဖြင့် အင်တာမီယာမီအသင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့အပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း နည်းပြ စကာလိုနီရဲ့အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို အလွတ်တည်ကန်ဘောကနေ လှလှပပကန်ကာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက ခေါ်ယူရန် ကြိုးစားနေချိန် ဆော်ဒီကလပ် အယ်ဟီလယ်အသင်းကလည်း ကမ္ဘာ့စံချိန်တင် လုပ်ခနှုန်းထားဖြင့် ကမ်းလှမ်းလာချိန်မှာ မက်ဆီအနေဖြင့် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ကစားရန်သာ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းက နိုင်ငံလက်ရွေးစင်အသင်းနဲ့ အတူ ပူးပေါင်းနေတဲ့ မက်ဆီမပါဝင်တာကြောင့် စပို့တင်းကေစီအသင်းနဲ့ ပွဲစဉ်မှာ အနည်းငယ်ရုန်းကန်ခဲ့ရပေမဲ့ တိုက်စစ်ကစားသမား ကမ်ပါနာရဲ့ သွင်းဂိုး ၂ဂိုးအပါအဝင်၊ ကွင်းလယ်ကစားသမား ဖာရီးယက်စ်ရဲ့ သွင်းဂိုးတို့နဲ့ စပို့တင်းကေစီအသင်းကို ၃ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စပို့တင်းကေစီအသင်းနဲ့ ပွဲစဉ်တွင် အနိုင်ရခဲ့တာကြောင့် အင်တာမီယာမီအသင်းက ရှုံးထွက်အဆင့် ကစားရန် အခွင့်အရေးပိုကောင်းသွားခဲ့သလို တစ်ပတ်တာ မေဂျာလိဂ် အကောင်းဆုံးအသင်းတွင်လည်း ဘက်စ်ကွက်၊ ကမ်ပါနာ၊ ဖာရီးယက်စ်နဲ့ ယက်ဒ်လင်တို့ ၄ ယောက်အထိ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်တာမီယာမီအသင်းက ရှေ့လာမယ့် ပွဲစဉ်တွင် အတ္တလန္တာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။